ရှေ့သို့
Image

လက်စတာနဲ့ ပွဲမှာ ဘင်ဝှိုက်၊ တီယာနေးနဲ့ အိုဒီဂတ်တို့ ပြန်လည်ပါဝင်လာဖွယ်ရှိ

3:39 PM, 27 October

အာဆင်နယ်အသင်းနည်းပြ အာတီတာက စနေနေ့မှာကစားရမယ့် လက်စတာနဲ့ပွဲမှာ နောက်ခံလူ ဘင်ဝှိုက်၊ ကွင်းလယ်လူ အိုဒီဂတ်နဲ့ ဘယ်နောက်ခံလူ တီယာနေးတို့ ပြန်လည်ပါဝင်လာဖွယ်ရှိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လိဒ်ယူနိုက်တက်ကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလားပွဲမှာ တီယာနေးနဲ့ အိုဒီဂတ်တို့ဟာ အသေးစားဒဏ်ရာတွေကြောင့် လူစာရင်းမှာ မပါဝင်ခဲ့သလို ပွဲထွက်စာရင်းမှာ ပါဝင်ခဲ့တဲ့ ဘင်ဝှိုက်ကလည်း သိပ်မပြင်းတဲ့ ကူးစက်ရောဂါ ခံစားနေရလို့ ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရပါတယ်။

''အခုက သိပ်မပြင်းတဲ့ ကူးစက်ရောဂါဖြစ်နေပါတယ်။ ပက်ဘလိုမာရီလည်း နေမကောင်းချင်သလိုဖြစ်နေလို့ မပါနိုင်ခဲ့တာပါ။ ဘင်ဝှိုက်က တစ်ရက်၊ နှစ်ရက်လောက်မှာ ပြန်ကောင်းလာလို့ ထုတ်သုံးခဲ့ပေမယ့် နည်းနည်းအဆင်မပြေဖြစ်လာလို့ လူစားလဲလိုက်တာပါ''လို့ အာတီတာက ပြောပါတယ်။

တီယာနေးဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဗီလာနဲ့ပွဲကိုပါ လွဲချော်ခဲ့ပြီး အိုဒီဂတ်ကတော့ ဗီလာနဲ့ပွဲမှာ အသေးစားဒဏ်ရာရခဲ့တာပါ။

''တီယာနေးနဲ့ အိုဒီဂတ်တို့ဟာ အင်္ဂါနေ့က ထရိန်နင်ဆင်းဖို့ ကြိုးစားခဲ့ပေမယ့် အကောင်းဆုံးအနေအထားမှာ မရှိခဲ့ပါဘူး။ သူတို့ဟာ လိဒ်စ်နဲ့ပွဲမှာ ပါဝင်ကစားချင်ခဲ့ပေမယ့် ပွဲကစားဖို့ လုံလောက်တဲ့အခြေအနေမှာ မရှိခဲ့ပါဘူး။ လက်စတာနဲ့ပွဲမှာ သူတို့ ပြန်ပါနိုင်ဖို့ မျှော်လင့်နေပါတယ်''လို့ အာတီတာက ဆက်ပြောပါတယ်။

ဒါပေမဲ့ တော့တင်ဟမ်နဲ့ပွဲမှာ ညာဘက်ဒူးဒဏ်ရာရခဲ့ပြီးနောက် အနားယူနေရတဲ့ ကွင်းလယ်လူ ဇာခါကတော့လက်တလော ပြန်လည်ပါဝင်နိုင်ဦးမှာမဟုတ်ဘဲ ၃ လကြာအနားယူရဖွယ်ရှိနေပါတယ်။

#လက်စတာ #တီယာနေး #ဘင်ဝှိုက်