ရှေ့သို့
Image

ပေါ့ဂ်ဘာရဲ့ စာချုပ်သစ်ကိစ္စ အခြေအနေနဲ့ ပတ်သက်ပြီး တိုးတက်မှု မရှိသေးကြောင်း ရွိုင်းအိုလာ ဆို

11:29 AM, 27 October

မီနို ရွိုင်းအိုလာက ပေါ့ဂ်ဘာရဲ့ စာချုပ်နဲ့ ပတ်သက်ပြီး ယူနိုက်တက်နဲ့ ဆွေးနွေးမှုက တိုးတက်မှု မရှိသေးကြောင်း ပြောသွားခဲ့ပါတယ်။ စာချုပ်သက်တမ်း ၈လသာ ကျန်တော့တဲ့ ပေါ့ဂ်ဘာဟာ ယူနိုက်တက်ကနေ အလွတ်နဲ့ ထွက်ခွာနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့ပါတယ်။

ပေါ့ဂ်ဘာနဲ့ အေးဂျင့် ရွိုင်းအိုလာတို့ဟာ ရှေ့ဆက်ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီတို့လို အသင်းတွေနဲ့ မကြာခဏဆိုသလို ချိတ်ဆက်ခံနေရပါတယ်။ ယူနိုက်တက်နဲ့ စာချုပ်သစ်အတွက် သဘောတူညီမှု မရဘူးဆိုရင် ဇန်နဝါရီမှာ ပေါ့ဂ်ာဘအနေနဲ့ ပြည်ပကလပ်တွေနဲ့ စတင်ဆွေးနွေးသွားနိုင်မှာ ဖြစ်ပါတယ်။

အိုးထရက်ဖို့ဒ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ပေါ့ဂ်ဘာဟာ ၂၀၁၂ခုနှစ်မှာ ဂျူဗင်တပ်စ်ကို ပြောင်းခဲ့ပါတယ်။ စီးရီးအေဖလား ၄ကြိမ်ဆက် ရခဲ့ပြီးနောက် ပေါ့ဂ်ဘာဟာ အသင်းဟောင်း ယူနိုက်တက်ကို ပေါင် သန်း၉၀နီးပါးနဲ့ ပြန်ပြောင်းလာခဲ့ပါတယ်။

ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် မရဖူးသေးတဲ့ ပေါ့ဂ်ဘာတစ်ယောက် ၂၀၁၇ခုနှစ်က ကာရာဘောင်နဲ့ ယူရိုပါလိဂ်ဖလားတွေ ဆွတ်ခူးခဲ့ပြီးနောက် ယခုချိန်ထိ ဆုဖလား ထပ်ရခြင်း မရှိတော့ပါဘူး။ လက်ရှိနည်းပြ ဆိုးလ်ရှားဟာလည်း ရလဒ်ဆိုးတွေကြောင့် ဖိအားများနေပြီး တနင်္ဂနွေနေ့ကလည်း လီဗာပူးကို ၅ဂိုးပြတ် ရှုံးခဲ့ပါတယ်။

ပေါ့ဂ်ဘာရဲ့ စာချုပ်နဲ့ ပတ်သက်ပြီး ရွိုင်းအိုလာက “အဲ့ဒီအကြောင်း ယူနိုက်တက်ကိုပဲ မေးလိုက်ပါ။ ခုထိ တိုးတက်မှု မရှိသေးပါဘူး”လို့ ပြောသွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပေါ့ဂ်ဘာ #ရွိုင်းအိုလာ