ရှေ့သို့
Image

ဒါဘီအသင်းကို ဝယ်ယူဖို့စိတ်ဝင်စားကြောင့် အမေရိကန်လုပ်ငန်းရှင်ကြေညာ

2:45 PM, 26 October

အမေရိကန်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ခရစ်ကတ်ခ်နာက ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီကို ဝယ်ယူဖို့စိတ်ဝင်စားနေကြောင်း ကြေညာခဲ့ပါတယ်။ ဒါဘီအသင်းဟာ EFL က ချမှတ်တဲ့ ၁၂ မှတ်လျော့ ပြစ်ဒဏ်အတွက် ပြီးခဲ့တဲ့လကပဲ အယူခံဝင်ခဲ့ပါသေးတယ်။ ဒါဘီအသင်းရဲ့ပိုင်ရှင်ဟာ အသင်းမှာရှိနေတဲ့ အကြွေးတွေကို မဆပ်နိုင်တော့တာကြောင့် အစိုးရကနေ ဖြေရှင်းပေးခဲ့ရတာကြောင့် အခုလိုမျိုး ၁၂ မှတ်လျှော့ ပြစ်ဒဏ် ကျခံခဲ့ရတာ ဖြစ်ပါတယ်။

နည်းပြဝိန်းရွန်းနီရဲ့အသင်းဟာ ၃ ပွဲနိုင် ၈ ပွဲသရေနဲ့ ရှုံးပွဲ ၃ ပွဲသာ ရှိထားပေမယ့်လည်း အမှတ်လျှော့ပြစ်ဒဏ်ကြောင့် ရမှတ် ၅ မှတ်သာရှိပြီး အမှတ်ပေးဇယား အောက်ဆုံးကိုရောက်ရှိနေပါတယ်။ အခုတော့ ကတ်ခ်နာက ဒါဘီကိုဝယ်ယူချင်ကြောင်း အတည်ပြုခဲ့ပါတယ်။ ကတ်ခ်နာဟာ အသက် ၃၄ နှစ်အရွယ်ရှိပြီး Slync.io ဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာနည်းပြပံ့ပိုးမှုအဖွဲ့အစည်းရဲ့ တည်ထောင်သူ၊ ပိုင်ရှင်နဲ့ အမှုဆောင်အရာရှိချုပ်တစ်ဦး ဖြစ်ပါတယ်။

PA သတင်းဌာနက ထုတ်ပြန်ခဲ့တဲ့ ဒါဘီပရိသတ်တွေထံ ပေးစာမှာ ကတ်ခ်နာက “ ကျွန်တော်တို့ချင်း မသိကြသေးပါဘူး၊ ဒါပေမယ့် တူညီနေတဲ့အရာ နှစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ဘောလုံးပွဲတွေအပေါ် ချစ်မြတ်နိုးမှုနဲ့၊ ဒါဘီကောင်တီအသင်းကို အားလုံးနဲ့ထိုက်တန်ပြီး ဂုဏ်ယူစရာကောင်းတဲ့ အသင်းတစ်သင်းဖြစ်အောင် ပြန်လည်တည်ဆောက်ချင်စိတ်ဖြစ်ပါတယ် ”  

“ကျွန်တော့်နာမည် ခရစ်ကတ်ခ်နာလို့ခေါ်ပါတယ်။ မကြာခင်အားလုံးနဲ့ တွေ့ခွင့်ရမယ်လို့ ထင်ပါတယ်။ ဒါက အုပ်ချုပ်သူမဲ့နေတဲ့ ဒါဘီကောင်တီဘောလုံးအသင်းကို အုပ်ချုပ်သူအဖြစ်တာဝန်ယူ ဆောင်ရွက်သွားဖို့ စိတ်ဝင်စားတယ်ဆိုတဲ့အကြောင်းကို တရားဝင်ကြေညာလိုက်တာပါ။ ဒါဘီကောင်တီဆိုတာ သမိုင်းကြောင်းကောင်းတွေရှိပြီး အင်္ဂလန်ရဲ့အကောင်းဆုံး ပရိသတ်တွေကို ပိုင်ဆိုင်ထားတဲ့ အသင်းတစ်သင်းပါ”  

“ဒီလိုအသင်းမျိုးက အခုချိန်မှာ ခက်ခဲတဲ့အချိန်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပရိသတ်တွေနဲ့ အသင်းနဲ့ သက်ဆိုင်သူအားလုံးက အုတ်မြစ်သစ်တစ်ခုကို ပြန်လည်တည်ဆောက်ဖို့အတွက် အသင်းကိုသစ္စာရှိရှိနဲ့ ပံ့ပိုးနေကြပါတယ်။ ဒီလိုပြန်လည်တည်ဆောက်မှုနဲ့ ပံ့ပိုးမှုတွေမှာ ကျွန်တော်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်လိုပါတယ်။ စွန့်ဦးတီထွင်သူတစ်ဦးအနေနဲ့ ကုမ္ပဏီတွေကို တည်ဆောက်ရတာ နှစ်သက်ပါတယ်။ ကျွန်တော့်ရဲ့ အတွေ့အကြုံတွေနဲ့ အသင်းကို ဂုဏ်ယူစွာနဲ့ ပြန်လည်တည်ဆောက်ပေးချင်ပါတယ် ” ဆိုပြီး အတည်ပြု ကြေညာခဲ့ပါတယ်။

#ဒါဘီ #ရွန်းနီ