ရှေ့သို့
Image

လီဗာပူးနဲ့ ပွဲမတိုင်ခင် ဘရူနို ဖာနန်ဒက်စ်ရဲ့ ကြံ့ခိုင်မှု အခြေအနေအပေါ် ယူနိုက်တက် စိုးရိမ်နေ

2:45 PM, 22 October

ယူနိုက်တက်အသင်းဟာ လီဗာပူးနဲ့ ပွဲမတိုင်ခင် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ရဲ့ ကြံ့ခိုင်မှု အခြေအနေအပေါ် စိုးရိမ်နေတယ်လို့ သိရပါတယ်။ The Sunရဲ့ ဖော်ပြချက်အရ ပေါ်တူဂီသားဟာ အတ္တလန္တာနဲ့ပွဲအပြီး အကြောလျော့လေ့ကျင့်ခန်းမှာ ထော့နဲ့ထော့နဲ့ ဖြစ်သွားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အဆိုပါသတင်းက လီဗာပူးနဲ့ပွဲမတိုင်ခင် ယူနိုက်တက်အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်သွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပရီးမိးယားလိဂ် နောက်ဆုံး ၃ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး အတ္တလန္တာကိုလည်း ကပ်နိုင်ခဲ့တာကြောင့် နည်းပြ ဆိုးလ်ရှားရဲ့ ရာထူးအတွက် မျက်ခုံးလှုပ်စရာတွေ ဖြစ်လာပါတယ်။

ယူနိုက်တက်ဟာ အတ္တလန္တာနဲ့ပွဲစဉ်မှာ ၂ဂိုးရှုံးနေပြီးမှ အကောင်းဆုံး comebackနဲ့ ပြန်လာနိုင်ခဲ့ပေမဲ့ လီဗာပူးနဲ့ပွဲမှာတော့ ဒီထက် ပိုကောင်းတဲ့ ခြေစွမ်းမျိုး ပြသနိုင်ဖို့ လိုနေပါတယ်။ တကယ်လို့ လီဗာပူးကိုသာ ရှုံးသွားခဲ့မယ်ဆိုရင် ၉ပွဲသာ ကစားပြီးချိန် ခါးသီးတဲ့ ပြိုင်ဘက် လီဗာပူးနဲ့ ၇မှတ်ထိ ကွာဟသွားတော့မှာပါ။

ဖာနန်ဒက်စ်ဟာ ယခုနှစ်ရာသီ ပြိုင်ပွဲစုံ ၁၂ပွဲမှာ ၄ဂိုး သွင်းထားခဲ့ပြီး အသင်းအတွက် ကူညီနေကာ ဆိုးလ်ရှားမှာ စိတ်ပူစရာအဖြစ် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ ဒဏ်ရာအခြေအနေလည်း ရှိနေပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #ဖာနန်ဒက်စ်