ရှေ့သို့
Image

လူကာကူ၊ ဝါနာတို့ မရှိချိန် ဂိုးသွင်းပြဖို့ အခွင့်အရေးရပြီဆိုပြီး မေဆင်မောင့် ကြုံးဝါး

12:25 PM, 22 October

မေဆင်မောင့်က လူကာကူ၊ ဝါနာတို့ မရှိချိန် ချဲလ်ဆီးအတွက် ဂိုးသွင်းပေးဖို့ အခွင့်အရေး ရလာပြီလို့ ကြုံးဝါးသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ မယ်လ်မိုကို ၄ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အဓိက တိုက်စစ်မှူး၂ဦးကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

လူကာကူရဲ့ ဒဏ်ရာက ညာခြေကျင်းဝတ် အရွတ်ကြောဒဏ်ရာ ဖြစ်နေမှာ စိုးရိမ်ရပြီး ဆေးစစ်မှုတွေ ခံယူခဲ့ပေမဲ့ ဘယ်အချိန် ပြန်ကောင်းလာမယ်ဆိုတဲ့ အချိန်အတိအကျကိုတော့ ယနေ့မှ သိရဖွယ် ရှိနေပါတယ်။ ဝါနာကတော့ ခြေကျင်းဝတ်လိမ်သွားတာ ဖြစ်ပြီး စနေည နောဝစ်ချ်နဲ့ပွဲစဉ်၊ ဆောက်သမ်တန်နဲ့ ကာရာဘောင်ဖလားပွဲစဉ်တွေကို လွဲချော်သွားဖို့ ရှိနေပါတယ်။

မေဆင်မောင့်က “နေရာတိုင်းက ဂိုးရနိုင်တာက ကျွန်တော်တို့အတွက် ကြီးမားတဲ့ အားသာချက် ဖြစ်ပါတယ်။ ကျွန်တော်တို့ အသင်းမှာ မတူညီတဲ့ အစိတ်အပိုင်းတွေကနေ အန္တရာယ် ပေးနိုင်ပါတယ်။ ကျွန်တော်တို့ တည်ကန်ဘောတွေကနေလည်း ခြိမ်းခြောက်နိုင်ပြီး ဧရိယာထဲ ကစားသမားတွေကို ပေးကာ အခွင့်အရေး ဖန်တီးနိုင်ပါတယ်။ ကျွန်တော် ဂိုးသွင်းဖို့အတွက် အချိန်ရောက်လာပြီဖြစ်ပြီး ကျွန်တော်သာ မှန်ကန်တဲ့နေရာမှာ ပွဲထွက်ခွင့်ရခဲ့ရင် အဆင်ပြေမှာပါ”လို ပြောခဲ့ပါတယ်။

မောင့်ဟာ မေလက ရီးရဲလ်မက်ဒရစ်နဲ့ ပွဲစဉ်အပြီးကတည်းက ဂိုးသွင်းနိုင်ခြင်း မရှိတော့ပဲ တူချယ်က အင်္ဂလန်သားကို ပွဲကျန်တွေအတွင်း သက်ရောက်မှုများခဲ့တဲ့ ကစားသမား၁ဦးအဖြစ် သတ်မှတ်ထားခဲ့ပါတယ်။

မောင့်က “ကျွန်တော် ကွင်းထဲ ခြေချလိုက်တာနဲ့ ကစားဖို့ အသင့်ဖြစ်နေသလို pressဖို့လည်း အသင့်ဖြစ်နေပါတယ်။ ကျွန်တော် ပွဲတိုင်း ပါဝင်ချင်ပေမဲ့ ငယ်ရွယ်သေးသလို ကစားသမားဘ၀ အစောပိုင်းပဲ ရှိပါသေးတယ်။ တစ်ခါတစ်လေ ဘယ်လောက်ထိ ပွဲကစားထားရတယ်ဆိုတာကို ပြန်ကြည့်သင့်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ကမ္ဘာ့ကလပ်ဖလားကို ယူအေအီးမှာ သွားကစားရမှာ ဖြစ်တာကြောင့် ပွဲကျပ်တွေကို ရင်ဆိုင်ရဖို့ ရှိနေပေမဲ့ မောင့်ကတော့ ချဲလ်ဆီးဟာ ဆုဖလားတိုင်းကို ရယူလိုတဲ့ အသင်းဖြစ်ကြောင်း ပြောခဲ့ပါတယ်။

#လူကာကူ #၀ါနာ #ချဲလ်ဆီး #မေဆင်မောင့်