ဗီတက်စီနဲ့ပွဲမှာ ဘာ့ဂ်ဗင်း ပွဲထွက်ပါဝင်မယ်လို့ နူနို ဆန်တို အတည်ပြု
11:36 AM, 21 October
တော့တင်ဟမ်နည်းပြ နူနို ဆန်တိုက စတိဗ် ဘာ့ဂ်ဗင်းဟာ ယနေ့ည ဗီတက်စီနဲ့ ယူရိုပါကွန်းဖရင့်လိဂ်ပွဲစဉ်မှာ ပွဲထွက်လာမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒဏ်ရာကနေ သက်သာလာတဲ့ ဘာ့ဂ်ဗင်းကို မွေးရပ်မြေမှာ ပြန်ကစားရမယ့် ပွဲစဉ်အတွင်း ထည့်သုံးဖို့ နူနိုက စီစဉ်လာတာပါ။
နူနိုက “စတီဗီက ရာသီကို အရမ်းကောင်းအောင် စတင်နိုင်ခဲ့ပါတယ်။ ကံမကောင်းစွာပဲ သူနိုင်ငံအတွက် ကစားပေးရင်း သရေကျခဲ့ကာ အဲ့ဒီနောက် သူ ရုန်းကန်ခဲ့ရပြန်ပါတယ်။ သူက အရည်အချင်းကောင်းတွေရှိတဲ့ ကစားသမား ဖြစ်တာကြောင့် အခု သူ ကြံ့ခိုင်မှု ပြန်ပြည့်လာပြီး ပြန်ပြေးလာနိုင်ပါပြီ။ ကျွန်တော်တို့ လူစာရင်းထဲက ထူးခြားတဲ့ ကစားသမားပါ”
“သူ့မှာ ကျွန်တော်တို့ကို ကူညီနိုင်တာတွေ ရှိနေပါတယ်။ သူက တစ်ဦးချင်း အခြေအနေမှာ အရမ်းကောင်းပြီး ကျွန်တော်တို့ကို လျင်မြန်မှု ပေးစွမ်းပါတယ်။ သူက ကျွန်တော်တို့ကို ရွေးချယ်စရာတစ်ခု ပေးပါတယ်။ ကျွန်တော်တို့ စတီဗီကို လိုအပ်တယ်လို့ ထပ်ပြောချင်ပါတယ်”ဆိုပြီး ပြောခဲ့ပါတယ်။
ဘာ့ဂ်ဗင်းက “ကျွန်တော် ဟောလန်မှာ ကစားတုန်းက ဗီတက်စီဟာ အထူးသဖြင့် သူတို့ကွင်းမှာဆိုရင် ခက်ခက်ခဲခဲ ကစားရတဲ့ အသင်းပါ။ သူတို့ ဘောလုံးကို ကောင်းကောင်း ကစားချင်ပြီး ကစားသမားကောင်းတွေ အမြဲပိုင်ဆိုင်ထားပါတယ်”
“ဒီပွဲက လွယ်ကူမယ့်ပွဲ မဟုတ်ပေမဲ့ ကျွန်တော်တို့က တော့တင်ဟမ် ဖြစ်တာကြောင့် နိုင်ပွဲလိုအပ်ပြီး နိုင်ပွဲအတွက် လုံလောက်တဲ့ အရည်အချင်းရှိတယ်လို့လည်း ထင်ပါတယ်”လို့ ပြောခဲ့ပါတယ်။