ရှေ့သို့
Image

ဂျူဗင်တပ်စ်က ကစားပုံဆိုးရွားခဲ့ပေမဲ့ ရလဒ်ကောင်း ရယူနိုင်ခဲ့တယ်လို့ အယ်လီဂရီဆို

11:20 AM, 21 October

ဂျူဗင်တပ်စ်အသင်းဟာ ယခုလတွေအတွင်း အညံ့ဆုံး စွမ်းဆောင်ရည်တစ်ခု ပြသခဲ့ပေမဲ့ ယမန်နေ့ည ရုရှားမှာ ဇင်းနစ်ကို ကူလူဆက်ဗ်စကီးရဲ့ သွင်းဂိုးနဲ့ အနိုင်ရအောင် ကစားနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ အယ်လီဂရီက အသင်းရဲ့ စွမ်းဆောင်ရည်အတွက် စိတ်ပျက်နေပေမဲ့ ရလဒ်ပိုင်းအတွက်တော့ ကျေနပ်နေကြောင်း ပြောခဲ့ပါတယ်။

အယ်လီဂရီက “ကျွန်တော်တို့ ၃မှတ်ရလိုက်တာ အရေးကြီးပါတယ်။ ဇင်းနစ်က ခံစစ်ထိုင်ထားတာကြောင့် ထိုးဖောက်ဖို့ မလွယ်ခဲ့ပဲ ကျွန်တော်တို့လည်း final thirdထဲမှာ အမှားအများကြီး လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ နှေးကွေးလွန်းခဲ့ပြီး ဘောလုံးအလွန်ဆုံးတာကြောင့် တန်ပြန်တိုက်စစ်ကနေ ကန်ချက်တွေ အကြိမ်ကြိမ် ခွင့်ပြခဲ့ရပါတယ်”

“ကျွန်တော်တို့ ၁ဂိုးနဲ့ ဦးဆောင်နိုင်ပြီးတာနဲ့ ထိန်းချုပ်နိုင်ခဲ့သင်တာပါ။ ဒါကကောင်းမွန်တဲ့ စွမ်းဆောင်ရည် မဟုတ်ပေမဲ့ ရလဒ်ကောင်း ရခဲ့ပြီး အရမ်းကောင်းတဲ့ အဆင့်တစ်ခုမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ခံစစ်လိုင်းတွေကြား နေရာလွတ်တွေ ဖန်တီးဖို့ လိုပါတယ်။ ဘာပဲပြောပြော သူများတွေ နိုင်ပွဲမရချိန် ကျွန်တောတို့က နိုင်သွားပါပြီ”လို့ ပြောခဲ့ပါတယ်။

ခြေစွမ်းဆိုးခဲ့တာကြောင့် လာမယ့် လာဇီယိုနဲ့ပွဲအတွက် ဘယ်လိုပြင်ဆင်ထားလဲ မေးတဲ့အခါ အယ်လီဂရီက “ကျွန်တော်တို့ စွမ်းဆောင်ရည် ဆိုးတဲ့အချိန် ရလဒ်ကောင်းရခဲ့တာဖြစ်ပြီး ဒါကပြီးပြည့်စုံတဲ့ လိုက်ဖက်မှုပါ။ ဒီတစ်ပတ်လည်း ကောင်းကောင်း ကစားသွားမှာပါ”လို့ ပြောခဲ့ပါတယ်။ ကူလူဆက်ဗ်စကီးဟာ ဂျူဗီမှာ သိပ်ပြီး နေရာရခြင်း မရှိဘဲ အယ်လီရီက ဆွီဒင်သားအနေနဲ့ ပုံမှန်ပွဲထွက်ခွင့်အတွက် အခြေခံအချက်တွေကို သင်ယူနိုင်ဖို့ လိုကြောင်း ပြောခဲ့ပါတယ်။

“သူက ဆွီဒင်လက်ရွေးစင် ဖြစ်ပေမဲ့ ချန်ပီယံလိဂ်တော့ ပွဲအများကြီး မကစားဖူးပါဘူး။ သူ ပွဲကို ဘယ်အချိန် ထိန်းရမယ်၊ ဘယ်အချိန် အရှိန်မြှင့်ရမယ်၊ ဘယ်အချိန် ကစားအားချရမယ်ဆိုတာ သိရပါတယ်။ သူ့မှာ အရည်အချင်းတွေရှိပြီး ပိုကောင်းတဲ့ ရွေးချယ်မှုတွေ ပြုလုပ်ဖို့လိုကာ သူက ထင်ထားတာထက် ကောင်းတဲ့ ကစားသမားပါ”လို့ ဆိုပါတယ်။

ကူလူဆက်ဗ်စကီးကတော့ ချန်ပီယံလိဂ်မှာ ပထမဆုံး ဂိုးသွင်းခဲ့ပြီးနောက် အလွန်ပျော်ရွှင်နေကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ တစ်ဖက်မှာလည်း ယမန်နေ့ည အကောင်းဆုံး ကစားသမားဆု ရခဲ့တဲ့ နောက်ခံလူ ဘိုနူချီက ရော်နယ်ဒို ထွက်ခွာခဲ့ပြီးနောက် ရလဒ်ဆိုးခဲ့တဲ့ ဂျူဗီတို့ အရည်အသွေးကောင်းတွေကို ပြန်လည် ရှာတွေ့ခဲ့ပြီလို့ ပြောသွားခဲ့ပါတယ်။

#ဂျူဗင်တပ်စ် #ရော်နယ်ဒို #အယ်လီဂရီ #ဇင်းနစ်