ရှေ့သို့
Image

ယူရိုပါလိဂ်မှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံးသော ဇမ်ဘီယာကစားသမားဖြစ်လာတဲ့ ဒါကာ

11:15 AM, 21 October

ဗုဒ္စဟူးညမှာ စပါးတပ်မော်စကိုနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲတွင် လက်စတာတိုက်စစ်မှူး ပတ်ဆန် ဒါကာဟာ ဟက်ထရစ်သွင်းနိုင်တဲ့ ပထမဆုံးသော ဇမ်ဘီယာကစားသမား ဖြစ်လာခဲ့ပါတယ်။ ရုရှားကလပ်အား ၄-၃ဂိုးဖြင့် မော်စကိုမှာ အနိုင်ယူခဲ့ရာတွင် လက်စတာအသင်း ရရှိတဲ့ ၄ဂိုးစလုံးကို ဒါကာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကို ၄-၂ဂိုးဖြင့် ပြီးခဲ့တဲ့ စနေနေ့က  အနိုင်ရခဲ့တဲ့ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့တဲ့နောက် အသက်၂၃နှစ်သားဟာ နည်းပြ ဘရန်ဒန်ရော်ဂျာလက်အောက်မှာ စတင် ခြေစွမ်းပြလာခဲ့ပြီး ယူရိုပါလိဂ်ပွဲမှာလည်း ၃ဂိုးကို ဒုတိယပိုင်းမှာ သွင်းယူခဲ့ပါတယ်။ လက်စတာဟာ ပွဲအစ၁၁မိနစ်မှာ ဆိုဘိုလော့ဗ်ရဲ့ သွင်းယူမှုကြောင့် စပါးတပ်အသင်းရဲ့ ဦးဆောင်ခြင်း ခံခဲ့ရပြီး နောက်က လိုက်ကစားခဲ့ရပါတယ်။ ထိုနောက် နိုင်ဂျီးရီးယားသား မော့ဆက်ရဲ့ ဖန်တီးပေးမှုကနေ ဂျော်ဒန်လာဆင်က ၄၄မိနစ်မှာ ဒုတိယဂိုး ထပ်သွင်းခဲ့ပါတယ်။

မိနစ်ပိုင်းအကြာမှာဘဲ ဒါကာကာ အသင်းဖော် အီရန်နာချိုရဲ့ ဖန်တီးပေးမှုကနေ ဧည့်သည်အတွက် ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ ထိုနောက် အီရန်နာချိုနှင့် ဒါကာအတွဲဟာ အချိတ်အဆက်မိကစားရာကနေ ၄၈မိနစ်မှာ ဒါကာ ထပ်ဂိုးသွင်းပါတယ်။ ၅၄မိနစ်မှာတော့ ဒါကာအတွက် ဟက်ထရစ်ဂိုးရခဲ့ပြီး ၇၈မိနစ်မှာ ၄ဂိုးမြောက် သွင်းယူခဲ့ကာ ဆိုဘိုလော့ဗ်က နောက်ကျချေပဂိုးတစ်ဂိုး စပါးတပ်အသင်းအတွက် ပြန်သွင်းယူပေးခဲ့ပါတယ်။

၄ဂိုးစလုံး သွင်းယူနိုင်ခြင်းနှင့်အတူ ဒါကာဟာ ဥရောပပြိုင်ပွဲမှာ ဟက်ထရစ်ရတဲ့ ပထမဆုံးသော လက်စတာကစားသမား၊ ၁၉၅၈ခုနှစ် ဟီနက်စ်နောက်ပိုင်း တစ်ပွဲတည်းမှာ ၄ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးသော လက်စတာကစားသမား စတဲ့ မှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ လက်စတာအတွက် ဒါကာ၊ အီရန်နာချို၊ အမာတေးတို့က ခြေစွမ်းပြခဲ့ပြီး စပါးတပ်မော်စကိုအတွက် ချဲလ်ဆီးကစားသမားဟောင်း မော့ဆက်က ခြေစွမ်းပြပေးခဲ့ပါတယ်။

အနိုင်ရလဒ်ကြောင့် လက်စတာဟာ အုပ်စု Cမှာ ၃ပွဲကစား ရမှတ်၄မှတ်ဖြင့် ဒုတိယနေရာသို့တက်လှမ်းကာ ဦးဆောင်သူ လီဂါဝါဆောထက် ၂မှတ်လျော့အနေအထားမှာ ရှိနေပါတယ်။ လာမယ့် တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲအဖြစ် ခြေစွမ်းကောင်းရနေတဲ့ ဘရန့်ဖို့ဒ်နဲ့ ရင်ဆိုင်ရာတွင်လည်း ဒါကာဟာ သူရဲ့ ဂိုးသွင်းစံချိန်ကို ဆက်လက် တင်နိုင်ရန် ကြိုးစားသွားဖွယ် ရှိနေသည်။

#လက်စတာ #ဒါကာ #ယူရိုပါလိဂ် #စပါးတပ်မော်စကို