ရှေ့သို့
Image

ယူနိုက်တက်အတွက် ကယ်ဆယ်ရေးဟီးရိုးအဖြစ် ဆက်ရှိနေဆဲ ရော်နယ်ဒို၊ ဘိုင်ယန်၊ ချဲလ်ဆီးတို့ပြိုင်ဘက်တွေကို ၄ဂိုးပြတ်သွင်းခဲ့တဲ့ ဗုဒ္စဟူးညချန်ပီယံလိဂ်

8:26 AM, 21 October

ဗုဒ္စဟူးည ချန်ပီယံလိဂ်အုပ်စုပွဲတွေကို ဆက်လက်ကစားခဲ့ရာ ရော်နယ်ဒိုကတော့ ယူနိုက်တက်အသင်း comeback ပြီး အတ္တလန္တာကို အနိုင်ရအောင် ကစားရာတွင် ကယ်ဆယ်ရေးဟီးရိုးတစ်ဦး ဖြစ်ခဲ့ပြီး ချဲလ်ဆီး၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ် အစရှိတဲ့ ထိပ်တန်းအသင်းတွေလည်း ကိုယ်စီနိုင်ပွဲရခဲ့ကြပါတယ်။

အုပ်စု E

==========

ဘာစီလိုနာ ၁ - ၀  ဒိုင်နမိုကိဗ်

ပီကေး ၃၆’

ယူနိုက်တက်မှာ ရော်နယ်ဒိုက အသက်ဆက်အနိုင်ဂိုးတွေ သွင်းပေးနေတယ်ဆိုရင် ဘာစီလိုနာမှာလည်း နောက်ခံလူ ပီကေးရဲ့ ဂိုးတွေက စပိန်ကလပ်အတွက် အကူအညီဖြစ်နေဆဲပါ။ ဘာစီလိုနာဟာ ဒီပွဲမှာ ဒိုင်နမိုကိဗ်ကို ကစားကွက်အသာစီးနဲ့ဆော့နိုင်ခဲ့ပေမယ့် ဒက်စ်၊ လုခ်ဒီဂျောင်တို့ရဲ့ ကန်ချက်တွေကို ဧည့်သည်ဂိုးသမား ဘရှ်ချန်း လက်စွမ်းပြကာကွယ်ခဲ့လို့ ဂိုးမပြတ်ခဲ့ပါဘူး။ ပီကေးရဲ့ ဂိုးက ၃၀မိနစ်ကျော်တွင် အယ်လ်ဘာရဲ့ ဖြတ်တင်ဘောကနေ မြေမကျကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒုတိယဂိုးထပ်ရဖို့ နည်းပြကိုးမန်း တိုက်စစ်မှာ အပြောင်းအလဲများစွာဖြင့် ဖာတီ၊ ကော်တင်ဟိုတို့ကို  ထည့်သုံးခဲ့သော်လည်း ဂိုးပေါက်ရှာမတွေ့ခဲ့သလို အခွင့်အရေးတွေလည်း ဖြုန်းခဲ့ကြပါတယ်။

အဓိကအချက်အလက် - ပီကေးဟာ ဘာစီလိုနာအသင်းရဲ့ အသက်အကြီးဆုံး ဂိုးသွင်းသူ ဖြစ်လာခဲ့ပြီး ၃၄နှစ်နှင့် ရက်ပေါင်း ၂၆၀ရက် ရှိပါပြီ။


ဘင်ဖီကာ ၀ - ၄ ဘိုင်ယန်မြူးနစ်

ဆာနေး ၇၀’  ၈၄’

အဲဗာတန် ၈၀”  (og)

လီဝမ်ဒေါ့စကီး ၈၂’


ဘိုင်ယန်အတွက် ဒီထက်ဂိုးပိုရသင့်တဲ့ညပါဘဲ။ ပထမပိုင်းမှာကတည်းက လီဝမ်ဒေါစကီးဂိုးသွင်းပေမယ့် VAR ပယ်ချခဲ့သလို မူလာဂိုးကိုလည်း ထပ်မံ ပယ်ချခဲ့ပြန်ပါတယ် ဒီအတွက်ကြောင့် ဘိုင်ယန်အနေနဲ့အဖွင်ဂိုးစရဖို့မိနစ်၇၀အထိ စောင့်လိုက်ရပြီး ဆာနေးရဲ့ ဖရီးကစ်က လှလွန်းခဲ့ပါတယ်။ တဖက်ဘင်ဖီကာကစားသမား အဲဗာတန်က ကိုယ်ဂိုးကိုယ် သွင်းခဲ့ပြီး ဘိုင်ယန်အနေနဲ့၄ဂိုးစလုံးကို ဒုတိယပိုင်းမှာ ၁၅မိနစ်အတွင်း သွင်းပြခဲ့ပါတယ်။

တတိယမြောက်ဂိုးကို လီဝမ်ဒေါ့စကီးက သွင်းခဲ့ပြီး ပွဲသိမ်းဂိုးကို ခြေစွမ်းပြနေတဲ့ ဆာနေးက ထပ်သွင်းခဲ့ပါတယ်။

အဓိကအချက်အလက် - ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် ၂၅ပွဲဆက်တိုက် ဂိုးသွင်းထားနိုင်ခဲ့ပါတယ်။


အုပ်စု F 

ယန်းဘွိုင်းစ် ၁ - ၄ ဗီလာရီးရဲလ်

ပီနို ၆’ (ဗီလာရီးရဲလ်)

မိုရီနို ၁၆’ ၈၈’ (ဗီလာရီးရဲလ်)

အီလီယာ ၇၇’ (ယန်းဘွိုင်း)

ချူကွေဇီ ၉၂’


မွေးနေ့မှာဘဲ ဗီလာရီးရဲလ်အတွက် ပွဲထွက်သူ ပီနို ခြေစွမ်းပြနိုင်ခဲ့ပြီး ပွဲအစ ၆မိနစ်မှာဘဲ ခေါင်းတိုက်သွင်းယူသလို ၁၆မိနစ်အတွင်းမှာဘဲ မိုရီနိုက ထပ်မံ ခေါင်းတိုက်ဂိုး ရယူကာ ပထမပိုင်းမှာတင် ယန်းဘွိုင်းကို ၂ဂိုးပြတ် ဦးဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒုတိယပိုင်းမှာ ယန်းဘွိုင်း ပြန်ရုန်းကစားခဲ့ပြီး အခွင့်အရေးတွေကန်ချက်တွေ ရပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ပွဲချိန်၇၇မိနစ်အရောက်မှာသာ အီလီယာက ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့ပြီး အဲဒီနောက် ပွဲပြီးခါနီးတွေမှာ မိုရီနို ချီကွေဇီတို့က ထပ်သွင်းကာ နည်းပြအမ်မရီရဲ့အသင်းကို အနိုင်ရစေခဲ့ပါတယ်။

အဓိကအချက်အလက် - ဒီပွဲဟာ ဗီလာရီးရဲလ်အတွက် ၂၀၀၈ အယ်လ်ဘော့ဂ်ကို ၆-၃ဖြင့် အနိုင်ရပြီးနောက်ပိုင်း ပထမဆုံး ချန်ပီယံလိဂ် အုပ်စုအဆင့် နိုင်ပွဲ ဖြစ်ခဲ့သည်။


မန်ချက်စတာယူနိုက်တက် ၃ - ၂ အတ္တလန္တာ

ပါဆာလစ် ၁၅’ ဒီမီရယ် ၂၉’ (အတ္တလန္တာ)

ရက်ရှ်ဖို့ဒ် ၅၃’ မက်ဂွါရီ ၇၅’ ရော်နယ်ဒို ၈၁’


ယူနိုက်တက်ဟာ comeback အသင်းလို့တောင် ပြောရမလိုဖြစ်နေပါပြီ ရော်နယ်ဒိုလို ဘယ်အချိန်မဆို ဂိုးသွင်းနိုင်တဲ့ ကစားသမားပါဝင်နေတာကလည်း ပွဲအဖြေတွေကို ပြောင်းလဲစေကာ နည်းပြဆိုးလ်ရှားကို ကယ်တင်ပေးနေသူလို့တောင် ဆိုရမှာပါ။ ပထမပိုင်း ၄၅မိနစ်က အတ္တလန္တာ အတော်ကောင်းပြီး ယူနိုက်တက်ကလည်း ခြေစွမ်းပျောက်ခဲ့ပါတယ်။ ပါဆာလစ်၊ ဒီမီရယ်တို့က ၂ဂိုးပြတ် အီတလီကလပ်ကို ဦးဆောင်စေအောင် သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာတော့ ယူနိုက်တက်အလှည့် ကျရောက်ခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ် စောစီးစွာ ဂိုးပြန်ရလိုက်တာက ယူနိုက်တက်အတွက် အားတစ်ခုဖြစ်စေခဲ့ပြီး နောက်ခံလူ မက်ဂွါရီက ပွဲပြီးဖို့၁၅မိနစ်အလိုမှာ ချေပဂိုးထပ်သွင်းခဲ့သည်။ အဲဒီနောက် ပွဲပြီးဖို့၁၀မိနစ်လောက်မှာဘဲ ရော်နယ်ဒိုက ခေါင်းတိုက်ဂိုးသွင်းယူကာ ၂ပွဲဆက် ဂိုးပေါက်ပျောက်မှုကို အဆုံးသတ်နိုင်ခဲ့သည်။

အဓိကအချက်အလက် - ယူနိုက်တက်ဟာ ချန်ပီယံလိဂ်အိမ်ကွင်းပွဲ ပထမပိုင်းမှာ တစ်ခါမှ ၂ဂိုးပြတ် မရှုံးခဲ့ဖူးချေ။


အုပ်စု G 

ဆဲလ်ဘတ် ၃ - ၁ ဝုဖ်ဘတ်

အက်ဒီရီမီ ၃’ အိုကာဖော် ၆၅’ ၇၇’ (ဆဲလ်ဘတ်)

နာမီချာ ၁၅’ (ဝုဖ်ဘတ်)


ဒီပွဲအနိုင်ကြောင့် ဆဲလ်ဘတ်အသင်း အုပ်စုထိပ်ဆုံးကို ရောက်ခဲ့ပြီး အိုကာဖော် ခြေစွမ်းပြ ၂ဂိုးသွင်းခဲ့ပါတယ်။ ပွဲအစမှာဘဲ ဆဲလ်ဘတ်မှာ အသင်းကြီးတွေမျက်စိကျနေတဲ့ လူငယ်ကြယ်ပွင့် အက်ဒီရီမီက ဂိုးသွင်းခဲ့ပြီး ဝုဖ်ဘတ်ကလည်း ၁၅မိနစ်မှာ အမ်မီချာက ချေပဂိုးတစ်ဂိုး ခေါင်းတိုက်ပြီး ပြန်သွင်းခဲ့ပါတယ်။

ဒုတိယပိုင်းအထိ နှစ်သင်းလုံး ဂိုးပေါက်မတွေ့ခဲ့ကြဘဲ ဝုဖ်ဘတ်ရဲ့ ထောင့်ကန်ဘောခံစစ်ကာကွယ်ပုံ အားနည်းမှုတွေကနေ အိုကာဖော်က အနီးကပ်ဂိုးတွေ သွင်းယူကာ ၃-၁ ဖြစ်စေခဲ့ပါတယ်။

အဓိအချက်အလက် -  ဆဲလ်ဘတ်ဟာ ပြိုင်ပွဲစုံ ၂၅ပွဲအထိ ရှုံးပွဲမရှိသေးဘဲ ၂၂ပွဲအထိ နိုင်ပွဲရထားပါတယ်။


လိုင်လီ ၀ - ၀ ဆီဗီလာ

လိုင်လီအတွက် ဒုတိယမြောက် အိမ်ကွင်းပွဲ သရေကျခြင်း ဖြစ်ပြီး ဆီဗီလာအတွက်က အစောပိုင်းအခွင့်အရေးတွေဖြစ်တဲ့ ဆူဆို အနီးကပ်ကန်ချက်တွေ ရသလို မီယာရဲ့ ကြိုးစားအားထုတ်မှုကလည်း နောက်ခံလူ ဒီဂျေလို ဂိုးဝင်ခါနီး စည်းလိုင်းပေါ်ကနေ ရှင်းထုတ်မှုတွေကြောင့် ဂိုးစောစောစီးစီး မရခဲ့တာ ပါခဲ့ပါတယ်။လိုင်လီကွင်းလယ်လူ ရီနာတိုဆန်းချက်စ် ဂိုးသမား ဘိုနူနဲ့တစ်ယောက်ချင်းအတွေ့ ဂိုးဝင်အောင် အသုံးမချနိုင်ခဲ့ဘဲ အဓိကအခွင့်အရေးကို ဖြုန်းတီးခဲ့ပါတယ်။

သရေရလဒ်ကြောင့် ဆီဗီလာဟာ အုပ်စု Gမှာ ဒုတိယနေရာတွင်ရှိနေပြီး လိုင်လီက တတိယနေရာမှာ ရှိနေပါတယ်။

အဓိကအချက်အလက် - လိုင်လီက ၂၀၀၆ခုနှစ် အေသင်စ်အသင်းကို ၃-၁ဂိုးဖြင့် နိုင်ပြီးနောက်ပိုင်း ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ အိမ်ကွင်းနိုင်ပွဲပျောက်ဆုံးနေခဲ့ပါတယ်။ 


Group H

ချဲလ်ဆီး ၄ - ၀  မဲလ်မို

ခရစ္စတန်ဆန် ၉’ ဟားဗက်ဇ် ၄၈’ ဂျော်ဂျင်ဟို ၂၁’ ၅၇’  (P)


ဂျော်ဂျင်ဟို ပင်နယ်တီ၂လုံးကြောင့် ချဲလ်ဆီးတို့ ဂိုးပြတ်နိုင်ပွဲ ရခဲ့ပါတယ် ဒါပေမဲ့ ကံဆိုးခဲ့တာက တိုက်စစ်မှူး လူကာကူနှင့် ဝါနာတို့ နှစ်ဦးစလုံး ဒဏ်ရာရသွားခဲ့တာပါ နောက်ခံလူ ခရစ္စတန်ဆန်ရဲ့ မြေမကျကန်ချက်ကတော့ ဒီပွဲရဲ့ အလှဆုံး ဂိုးဖြစ်ခဲ့ပြီး ဟားဗက်ဇ်က ပွဲသိမ်းဂိုး သွင်းခဲ့တာပါ။ တဖက်မှာ မဲလ်မိုကတော့ ချန်ပီယံလိဂ်အုပ်စုမှာ  အမှတ်ကို မရသေးသလို ဒီခြေစွမ်းနဲ့ အုပ်စုကနေ လှည့်ပြန်ဖို့ရှိပါတယ်။

အဓိကအချက်အလက် - ခရစ္စတန်ဆန်ဟာ သူရဲ့ ၁၃၇ပွဲမြောက်မှာ ချဲလ်ဆီးအတွက် ပထမဆုံး ချန်ပီယံလိဂ်သွင်းဂိုး ရယူခဲ့သည်။


ဇင်းနစ် ၀ - ၁ ဂျူဗင်တပ်စ်

ကလူဆက်ဗ်စကီး ၈၆’


ပီကေး၊ ရော်နယ်ဒိုတို့လိုမျိုး ဂျူဗင်တပ်စ်အတွက် ကယ်ဆယ်ပေးနေသူကလည်း ကလူဆက်ဗ်စကီးလို့ ပြောရင် မမှားဘူးလို့ထင်ပါတယ်။ ဒီပွဲမှာ ဂျူဗင်တပ်စ်ဂိုးသမား ဆက်ဇ်နီ ငယ်မှုငယ်သွေး လက်စွမ်းပြနေသလား အောက်မေ့ရကာ ဇင်းနစ်ကစားသမား ကလောက်ဒင်ဟိုရဲ့ ကန်ချက်ကို ကာကွယ်ခဲ့ပါတယ်။

ဒီဂိုးသာ ဝင်ခဲ့ရင် ပွဲအဖြေဟာ တစ်မျိုးပြောင်းလဲခဲ့နိုင်ပြီး ဒုတိယပိုင်းမှာလည်း ဂျူဗင်တပ်စ်တိုက်စစ်က ထုံးစံအတိုင်း အရေးအကြောင်းဆို တိုင်ပတ်ပြီး ထင်ထားသလို တိုးတက်မလာခဲ့ပါဘူး ပွဲက သရေကျတော့မယ့် အရိပ်အယောင်ပြခဲ့ပေမယ့် နောက်ခံလူ ဒီစီကလီယိုရဲ့ ဖြတ်တငဘောကနေ လူစားဝင်ကစားသမား ကလူဆက်ဗ်စကီးက ခေါင်းတိုက်ဂိုးသွင်းယူကာ အနိုင်ကို ရှာဖွေပေးခဲ့ပါတယ်။ ဂျူဗင်တပ်စ်အတွက် အုပ်စု Hမှာတော့ ရလဒ်ကောင်းတွေ ပိုင်ဆိုင်နေဆဲ့ ဖြစ်ပါတယ်။


အဓိကအချက်အလက် - ရုရှားကလပ်တွေနဲ့ ၉ပွဲရင်ဆိုင်ရာမှာ ၈ပွဲအထိ ဂျူဗီအနိုင်ရခဲ့ပြီး ၂၀၀၈က ဇင်းနစ်နဲ့ဝ-၀ ပွဲတစ်ပွဲသာ သရေကျခဲ့ပါတယ်။



#ဘာစီလိုနာ #ဆီဗီလာ #မန်ချက်စတာယူနိုက်တက် #ချဲလ်ဆီး #ဗီလာရီးရဲလ် #ဂျူဗင်တပ်စ် #ဘိုင်ယန်မြူးနစ် #ဆဲလ်ဘတ်