ရှေ့သို့
Image

ခြေစွမ်းပြနေတဲ့ မေဆင်မောင့်ကို လစာတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ချဲလ်ဆီးပြင်ဆင်

8:29 PM, 19 October

သတင်းတွေရဲ့ဖော်ပြချက်အရ ချဲလ်ဆီးဟာ အချိန်တိုအတွင်း အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြလာတဲ့ ကွင်းလယ်တိုက်စစ်သမား မေဆင်မောင့်ကို လစာတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးရဲ့အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ မေဆင်မောင့်ဟာ နည်းပြဟောင်း ဖရန့်လမ်းပတ်လက်ထက်မှာ ပထမဆုံးပွဲထွက်ခွင့်ရခဲ့ပြီးနောက် ၂၀၁၉-၂၀ ရာသီကစတင်ကာ ပုံမှန်ပွဲထွက်ခွင့်ရခဲ့သလို လက်ရှိနည်းပြ သောမတ်စ်တူချယ်လက်ထက်မှာလည်း ပုံမှန်ပါဝင်ခွင့်ရနေပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိ မေဆင်မောင့်ဟာ လက်ရှိအချိန်မှာ တစ်ပတ်လုပ်ခ ပေါင် ၇၅၀၀၀ ပဲရနေရာ တခြားအသင်းဖော်အများစုနဲ့ ယှဉ်ရင် အတော်လေးနည်းပါးနေပါတယ်။

Goal သတင်းဌာနရဲ့ဖော်ပြချက်အရ ချဲလ်ဆီးဟာ အသင်းရဲ့လစာအများဆုံးရစာရင်းဝင်စေမယ့် လုပ်ခလစာနဲ့ မေဆင်မောင့်ကို သက်တမ်းတိုးတော့မှာဖြစ်ပြီး မကြာခင် တွေ့ဆုံဆွေးနွေးဖွယ်ရှိနေကြောင်း သိရပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ချဲလ်ဆီးဘက်က မေဆင်မောင့်ကို တရားဝင်မကမ်းလှမ်းရသေးဘဲ အသင်းအနေနဲ့ လက်ရှိအချိန်မှာ ဦးစားပေးအဖြစ် နောက်ခံလူတွေဖြစ်တဲ့ ရူဒီဂါ၊ ခရစ္စတီယန်ဆန်နဲ့ ချာလိုဘာတို့ကို သက်တမ်းတိုးနိုင်ဖို့ ကြိုးစားနေပါတယ်။

မေဆင်မောင့်ဟာ ချဲလ်ဆီးကို ချစ်မြတ်နိုးပြီး ကိုင်ဟာဗက်ဇ်နဲ့ တီမိုဝါနာတို့လို လစာမျိုး ပေးသင့်တယ်လို့ သုံးသပ်ခံထားရပေမယ့် အဲဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်လိုမှသဘောမထားဘူးလို့ သိရပါတယ်။

ဟာဗက်ဇ်က တစ်ပတ်လုပ်ခလစာ ပေါင် ၁၅၀၀၀၀နဲ့ ဝါနာက ပေါင် ၂၅၀၀၀၀န်းကျင်အသီးသီးရရှိနေပြီး မေဆင်မောင့်က ချဲလ်ဆီးအတွက် စုစုပေါင်း ၁၁၆ပွဲမှာ ၁၇ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၆ကြိမ် ပြုလုပ်ပေးထားပါတယ်။

#မေဆင်မောင့်