အသင်းဘက် လှည့်မလာအောင် နည်းပြစတိဗ်ဘရုစ်ကို နယူးကာဆယ် ကာဗာလုပ်နေတာလို့ ဂယ်ရီနဗီးလ် ဝေဖန်
6:56 PM, 19 October
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က နည်းပြစတိဗ်ဘရုစ်ရဲ့အနာဂတ်နဲ့ပတ်သက်လို့ နယူးကာဆယ်အသင်းပိုင်ရှင်သစ်တွေရဲ့ ကိုင်တွယ်ထိန်းသိမ်းပုံကို ပြင်းထန်စွာဝေဖန်သွားပြီး တခြားပရော်ဖက်ရှင်နယ်တွေမှာဆိုရင် ဒီလိုဖြစ်ရပ်မျိုးက အလုပ်သမားကို ရိုင်းပျစော်ကားတာပဲလို့ အခိုင်အမာပြောပါတယ်။
ယခုလအစောပိုင်းက မိုက်အက်ရှ်လေဆီကနေ နယူးကာဆယ်အသင်းကို ဆော်ဒီလုပ်ငန်းအုပ်စုက ပေါင် ၃၀၅ သန်းနဲ့ အလုံးစုံလွှဲပြောင်းဝယ်ယူပြီးနောက် ပထမဆုံးပွဲအဖြစ် တော့တင်ဟမ်ကို ၂-၃ဂိုးနဲ့ အရေးနိမ့်ခဲ့လို့ ဘရုစ်ရဲ့အနာဂတ်က ပိုမိုစိုးရိမ်စရာကောင်းလာပြီး သိပ်မကြာခင် ရာထူးကနေ ထုတ်ပယ်ခံရတော့မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ဒါပေမဲ့ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့ နဗီးလ်ကတော့ အသက် ၆၀ အရွယ်ရှိ ဘရုစ်အပေါ် နယူးကာဆယ်အသင်းရဲ့ပြုမူဆက်ဆံကို ဝေဖန်ခဲ့ပြီး တော့တင်ဟမ်နဲ့ပွဲမှာ နည်းပြဘ၀ ပွဲ ၁၀၀၀ ပြည့်ခဲ့တဲ့ ဘရုစ်အပေါ် ကောင်းကောင်းမွန်မွန်မဆက်ဆံဘူးလို့ ပြောပါတယ်။
''စတိဗ်ဘရုစ်ရဲ့ဖြစ်ရပ်က လုံးဝကို အမှားကြီးပဲ။ တခြားပရော်ဖက်ရှင်နယ်ဘဝမှာဆို သူခံနေရတာတွေက အလုပ်သမားရိုင်းပျစော်ကားမှုဖြစ်မှာသေချာပါတယ်။ ဘရုစ်အနေနဲ့ ရှင်းရှင်းလင်းလင်းဖြစ်ဖို့ လိုနေပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်း ပေါက်ကြားခဲ့တာတွေက အများကြီးပါပဲ။ နယူးကာဆယ်ပိုင်ရှင်တွေက အသင်းကို ပရိသတ်တွေ မဝေဖန်ဘဲ ဘရုစ်ကိုပဲ ဝေဖန်နေအောင်လု့ိ ကာဗာလုပ်နေတာပါ''လို့ နဗီးလ်က ပြောပါတယ်။
လီဗာပူးနောက်ခံလူဟောင်း ကာရေဂါကလည်း နဗီးလ်ရဲ့အဆိုကို ထောက်ခံသွားပြီး အသင်းအနေနဲ့ ကွင်းတွင်းလုပ်ဆောင်ရမှာတွေအများအပြားရှိနေတယ်လို့ ပြောပါတယ်။
#စတိဗ် ဘရုစ်