ရှေ့သို့
Image

နိုင်ပွဲနဲ့ ထိုက်တန်တဲ့ပွဲ၁ပွဲမှာ သရေသာ ရခဲ့တဲ့အတွက် ပဲလေ့စ်နည်းပြ ဗီအဲရာ စိတ်ပျက်နေ

8:24 AM, 19 October

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ယမန်နေ့ည အာဆင်နယ်နဲ့ ပွဲစဉ်မှာ အူဘာမီယန်းရဲ့ ဦးဆောင်ဂိုးကို ဘန်တီကီ၊ အက်ဝက်ဒ်တို့က ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်သွင်းနိုင်ခဲ့ပြီး ပွဲပြီးခါနီး လာကာဇက်တီရဲ့ ချေပဂိုးကြောင့် သရေ၁မှတ်သာ ရခဲ့ပါတယ်။

အာဆင်နယ်မှာ ကစားသမား၁ဦးအဖြစ် လိဂ်ဖလား ၃လုံး၊ အက်ဖ်အေဖလား ၄လုံး ဆွတ်ခူးခဲ့တဲ့ ဗီအဲရာက ပဲလေ့စ်အနေနဲ့ နိုင်ပွဲတွေကနေ သရေသာ ဖြစ်စေမယ့် နောက်ကျပေးဂိုးတွေ ပေးတာ ရပ်တန့်သင့်ပြီလို့ သတိပေးခဲ့ပါတယ်။

ဗီအဲရာက “ဒီပွဲက နိုင်ပွဲနဲ့ နီးစပ်ခဲ့ပေမဲ့ ကျွန်တော် ဒီကိစ္စကို အမြဲတမ်း ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ပွဲစဉ်တွေကနေ လေ့လာသင်ယူရပါမယ်။ ဒုတိယပိုင်းမှာ ကစားသမားတွေက comeback ပြန်ယူလာခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့် နိုင်ပွဲနဲ့ ထိုက်တန်ပြီး ခုလို သရေပဲ ရခဲ့လို့ စိတ်ပျက်မိပါတယ်”

“သူတို့အတွက် ကျွန်တော် စိတ်ပျက်မိပါတယ်။ သူတို့က ရဲရင့်ပြီး အရည်အချင်းတွေကို ပြသခဲ့ပါတယ်။ ကျွန်တော် စွမ်းစွမ်းတမန် ကာကွယ်ရမှာပါ။ ဒီနေ့ ကျွန်တော်တို့ တကယ် ကံမကောင်းခဲ့တာဖြစ်ပြီး ခုလို သရေပဲ ရခဲ့ပေမဲ့ ဒီထက် ပိုကောင်းတဲ့ ခြေစွမ်းတွေ လာပါဦးမယ်”လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကတော့ ဦးဆောင်ဂိုး သွင်းယူခဲ့ပြီးနောက် ကစားအားချလိုက်တဲ့ အသင်းကို ဝေဖန်ခဲ့ပါတယ်။

အာတီတာက “ကျွန်တော်တို့ ပွဲကို အကောင်းဆုံး စတင်နိုင်ခဲ့ပေမဲ့ ဂိုးသွင်းအပြီး ခြေစွမ်းက လုံလောက်မှု မရှိခဲ့ပါဘူး။ ကျွန်တော်တို့ ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့ခြင်း မရှိပါဘူး။ အဲ့ဒီမှာ ပွဲက အပြန်အလှန်တွေ ဖြစ်ပြီး ဒီလို အခြေအနေမျိုးမှာ ခံစစ်ကောင်းကောင်း ကစားရမှာပါ”

“ကျွန်တော်တို့ ၂ဂိုးစလုံးမှာ ဘောလုံးမှားပေးခဲ့ပါတယ်။ ဒီလို စွမ်းဆောင်ရည်ညံ့မှုက ကာလရှည်ဖြစ်နေပြီး စိတ်ပူစရာပါပဲ။ ကျွန်တော်တို့ ဂိုး၂ဂိုးကို လွယ်လွယ် ပေးလိုက်ပါတယ်။ အရမ်းကောင်းတာတစ်ခုကတော့ ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင်ခဲ့တာပါပဲ။ သူတို့ နောက်ဆုံးထိ ယုံကြည်မှု ရှိနေခဲ့ပြီး ရမှတ်၁မှတ်ရအောင် အဲ့ဒီလို ရယူနိုင်ခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

#အာဆင်နယ် #ခရစ္စတယ်ပဲလေ့စ် #ဗီအဲရာ