ရှေ့သို့
Image

စတိဗ်ဘရုစ်ရဲ့နေရာမှာ အမ်မရီနဲ့ အစားထိုးဖို့ နယူးကာဆယ်အသင်းပိုင်ရှင်သစ်တွေ စီစဉ်နေ

3:10 PM, 18 October

နယူးကာဆယ်အသင်းပိုင်ရှင်သစ်တွေဟာ တနင်္ဂနွေနေ့က တော့တင်ဟမ်ကို စိတ်ပျက်ဖွယ်အရေးနိမ့်ခဲ့ရပြီးနောက် နည်းပြသစ်ရှာဖွေဖို့ ပြင်ဆင်နေပြီး လက်ရှိနည်းပြ စတိဗ်ဘရုစ်ရဲ့နေရာမှာ အာဆင်နယ်နည်းပြဟောင်း အူနိုင်းအမ်မရီကို အစားထိုးခန့်အပ်ဖွယ်ရှိနေပါတယ်။

နယူးကာဆယ်ဟာ အသင်းပိုင်ရှင်အပြောင်းအလဲဖြစ်အပြီး ပထမဆုံးပွဲအဖြစ် တော့တင်ဟမ်ကို ၂-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး အသင်းဥက္ကဋ္ဌသစ် အယ်လ်ရူမေယန် လာကြည့်တဲ့ပွဲမှာ နယူးကာဆယ်ပရိသတ်တွေက ဘရုစ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ နယူးကာဆယ်ဟာ နည်းပြသစ်ရာထူးအတွက် ကွန်တီ၊ ရော်ဂျာနဲ့ ဘင်နီတက်ဇ်တို့လို နာမည်ကြီးနည်းပြတွေပါဝင်နေပေမယ့် The Times သတင်းဌာနရဲ့ဖော်ပြချက်အရ နည်းပြသစ်ရာထူးအတွက် လျာထားစာရင်းမှာ ဘယ်လ်ဂျီယံနည်းပြ ရောဘတ်တိုမာတီနက်ဇ်၊ ရိန်းဂျားစ်အသင်းနည်းပြ ဂျရတ်နဲ့ ဗီလာရီးရဲလ်နည်းပြ အမ်မရီတို့က ထိပ်ဆုံးမှာ ပါဝင်နေတယ်လို့ သိရပါတယ်။

အမ်မရီဟာ ယူရိုပါလိဂ်ဖလားကို ၄ကြိမ်ရရှိထားတဲ့အနက် ပြီးခဲ့တဲ့ရာသီက ဗီလာရီးရဲလ်နည်းပြအဖြစ် ယူနိုက်တက်ကို အနိုင်ယူကာ ယူရိုပါလိဂ်ဖလား ရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဗီလာရီးရဲလ်ဟာ ယခုရာသီမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပြီး လာလီဂါရာသီအဖွင့် ၈ပွဲမှာ ၂ပွဲသာအနိုင်ရကာ အမှတ်ပေးဇယားရဲ့အဆင့် ၁၁ နေရာမှာ ရပ်တည်နေရပါတယ်။

အမ်မရီက ဗီလာရီးရဲလ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၂နှစ်ကျန်သေးပြီး မာတီနက်ဇ်က လာမယ့်နွေရာသီမှာ ဘယ်လ်ဂျီယံအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ ဘရုစ်ကို ရာထူးကနေ ထုတ်ပယ်ရင် လျော်ကြေးပေါင် ၈သန်းပေးရမယ့် နယူးကာဆယ်အတွက် မာတီနက်ဇ်က ဖြစ်နိုင်ခြေပိုများနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #နယူးကာဆယ် #ဗီလာရီးရဲလ် #စတိဗ်ဘရုစ် #အမ်မရီ #မာတီနက်ဇ်