ရှေ့သို့
Image

ဂျူဗင်တပ်စ်ကို ရှုံးခဲ့ပေမဲ့ ရိုးမားအသင်းရဲ့ ခြေစွမ်းကောင်းအပေါ် မော်ရင်ဟို ချီးကျူး

11:05 AM, 18 October

ယမန်နေ့ည ပွဲကြီးပွဲကောင်း၁ပွဲဖြစ်တဲ့ ဂျူဗင်တပ်စ်နဲ့ ရိုးမားပွဲစဉ်မှာ ဂျူဗီက မွိုက်စ်ကိန်းရဲ့ ၁လုံးတည်းသော သွင်းဂိုးနဲ့အတူ အနိုင်ရခဲ့ပါတယ်။ ရိုးမားအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၅၂.၁%၊ ကန်ချက် ၁၅ကြိမ်အထိ ရှိခဲ့ပေမဲ့ ဂျူဗီဂိုးသမား ဆက်ဇနီကို ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိပါဘူး။

ရိုးမားနည်းပြ မော်ရင်ဟိုတော့ အသင်းဟာ နိုင်ပွဲနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး ပြသခဲ့ပြီး တိုးတက်လာမှုအပေါ် ကျေနပ်မိကြောင်း ပြောခဲ့ပါတယ်။မော်ရင်ဟို“ကျွန်တော် ဒီနေ့ အကောင်းဆုံး ရိုးမားအသင်းကို မြင်တွေ့ခဲ့ရပါတယ်။ အဝတ်လဲခန်းထဲ ကျွန်တော် ကစားသမားတွေကို အဲ့ဒါပဲ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ရမှတ်မရခဲ့ပဲ ရှုံးနိမ့်ခဲ့တဲ့အကြောင်းတွေပဲ ပြောကြမှာ သေချာပေမဲ့ ထောင့်ပေါင်းစုံက ကြည့်ရင် ခြေစွမ်းကောင်းတဲ့ ရိုးမားကို မြင်ရမှာပါ”

“နိုင်ငံတကာပွဲစဉ်တွေကြောင့် အချို့ကစားသမားတွေ ကြံ့ခိုင်မှု မပြည့်ပေမဲ့ အသင်းရဲ့ စုဖွဲ့မှု၊ အားထုတ်ကြိုပမ်းမှုတွေကို ဂုဏ်ပြုရာမှာ ဖြစ်ပါတယ်။ ကျွန်တော် ယုံကြည်မှု၊ သတ္တိ၊ ရည်မှန်းချက်တွေကို မြင်နေပြီး ဒီပွဲက ရှုံးသွားပေမဲ့ ရေရှည်ကြည့်မယ်ဆိုရင် တိုးတက်တာတွေ အများကြီး မြင်ရမှာပါ။ ကျွန်တော် ပြောတာက ခင်ဗျားတို့ထင်ထားတာနဲ့ ပြောင်းပြန် ဖြစ်နိုင်ပေမဲ့ ဒီအသင်းရဲ့ စွမ်းဆောင်ရည်က ရှုံးပွဲထက် နိုင်ပွဲနဲ့ ပိုထိုက်တန်ပါတယ်။ ဒါကဘောလုံးပါပဲ”

“သူတို့ ကျွန်တော်တို့နဲ့ ရင်ဆိုင်ခဲ့ချိန် ဘယ်လောက်ထိ ရုန်းကန်ရလဲဆိုတာ ဥမင်ထဲ၊ အဝတ်လဲခန်းထဲတွေမှာ ကြားခဲ့ရပြီး လူသိရှင်ကြားလည်း သူတို့ ထုတ်ပြောဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ကစားပုံမကောင်းပဲ နိုင်ခဲ့တာတွေရှိသလို ခု ကစားပုံကောင်းပြီး ရှုံးခဲ့တာဖြစ်ပြီး လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်ဆိုတာ ပြသနေပါတယ်”

“ကျွန်တော်တို့ ဒီပွဲမှာနိုင်ဖို့ ရေပန်းစားမနေဘူးဆိုပြီး အသင်းသားတွေကို ပြောခဲ့ကာ အိမ်ကို နောင်တတွေနဲ့ မပြန်ချင်ဘူးလို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပြီး တန်ပြန်တိုက်စ်စတွေ လုပ်နိုင်ခဲ့ကာ ချီဆာ၊ ကွာဒရာဒိုတို့လို ကစားသမားတွေကို ထိန်းထားနိုင်ခဲ့ပါတယ်”

“ကျွန်တော်တို့ ဘောလုံးကို ရှေ့သယ်လာနိုင်ပေမဲ့ ပရော်ဖက်ဆာ ၂ယောက်ဖြစ်တဲ့ ချီရယ်လီနီနဲ့ ဘိုနူချီတို့ကို ကျော်ဖြတ်ဖို့က မလွယ်ပါဘူး။ ဒီပွဲမှာ သရေထက် နိုင်ပွဲနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကစားသမားတွေအတွက် ဂုဏ်ယူပါတယ်”လို့ ပြောခဲ့ပါတယ်။

#ရိုးမား #ဂျူဗင်တပ်စ် #မော်ရင်ဟို #ဂျူဗီ