ရှေ့သို့
Image

လူငယ်ကြယ်ပွင့် ဖာတီပြန်လာမှုနှင့်အတူ ဗလန်စီယာကို ဂိုးပြတ်နိုင်တဲ့ ဘာစီလိုနာ

10:44 AM, 18 October

ဘာစီလိုနာ ၃ - ၁ ဗလန်စီယာ (ပွဲပြီး)

ဘာစီလိုနာအသင်းဟာ နိုင်ငံတကာရက်သတ္တပတ်အပြီး နူးကမ့်မှာ ဗလန်စီယာနှင့် ပြန်ကစားရာမှာတော့ နိုင်ပွဲပြန်ရှာတွေ့ခဲ့ပါတယ်။ ၂၀၂၁-၂၂ရာသီမှာ ရလဒ်တွေ ဆိုးရွားနေလို့ ကတ္တလန်တာကလပ်နည်းပြ ရော်နယ်ကိုးမန်းဟာ ဖိအားတွေနဲ့ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဗလန်စီယာနဲ့ပွဲမှာ လူငယ်ကြယ်ပွင့် ဖာတီ ပြန်လည်ပါဝင်လာခြင်းနှင့်အတူ မှန်ကန်တဲ့ စွမ်းဆောင်ရည်ရကာ နိုင်ပွဲပြန်ရှာတွေ့ခဲ့ပါတယ်။

ဒါပေမဲ့ ဘာစီလိုနာအသင်းဟာ ဗလန်စီယာကို လွယ်ကူစွာနိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ ပွဲအစ ၄မိနစ်စွန်းစွန်းမှာဘဲ ဗလန်စီယာ အသင်းခေါင်းဆောင်နှင့် နောက်ခံလူ ဂါယာက ဂိုးစည်းထိပ်ကနေ အပြင်းထောင့်ကျဉ်းထဲ ဝေ့ဝိုက်ကန်သွင်းယူကာ ဧည့်သည်အသင်းအတွက် အဖွင့်ဂိုးစယူပေးခဲ့ပါတယ်။

ဒါပေမဲ့ ၁၃မိနစ်မှာ ဖာတီက ဘယ်တောင်ပံကနေ အပေးအယူလုပ်ကာ စည်းထိပ်နားကနေ ဗလန်စီယာနောက်ခံလူကာထားတဲ့ကြားက ထောင့်ထဲ ကန်ထည့်ကာ ချေပဂိုးပြန်ယူပေးခဲ့ပါတယ်။ ဖာတီနှင့် ဂါယာတို့နှစ်ဦးစလုံး သွင်းယူခဲ့တဲ့ ဂိုးတွေဟာ ပုံမှန်ပွဲတွေမှာ မြင်ရလေ့သိပ်မရှိတဲ့ ဂိုးတွေဖြစ်ပြီး အတော့်ကို လှပသေသပ်တဲ့ဂိုးတွေ ဖြစ်ခဲ့ပါတယ်။ ချေပဂိုးရသွားလို့ဘာစီလိုနာအသင်း ဆက်တိုက်ဖိကစားရင်း ပထမပိုင်းပြီးခါနီး ၄မိနစ်အလိုမှာ ဖာတီကြောင့် ရတဲ့ ပင်နယ်တီကို မန်းဖစ်ဒီပိုင်းက အမှားအယွင်းမရှိ ကန်သွင်းယူကာ ဦးဆောင်ဂိုး ပြန်ရခဲ့ပါတယ်။

ဒုတိယပိုင်းမှာ နှစ်သင်းလုံး တိုက်စစ်အပြိုင်ဖွင့်ကြလို့ကြည့်ကောင်းခဲ့ပြီး ဖာတီရဲ့ ကန်ချက်တွေကို ဂိုးသမားဆီလက်ဆန် ကာခဲ့သလို ဗလန်စီယာဘက်ကလည်း တစ်ကြိမ်ကန်သွင်းချက်ဟာ ဂိုးတိုင်ထိမှန်ခဲ့လို့နစ်နာမှု ရှိခဲ့ပါတယ်။ အဲဒီနောက် လူစားဝင်ကစားသမား ကော်တင်ဟိုက ပွဲပြီးခါနီးမှာ အနိုင်သေချာတဲ့ ဂိုးကို ထပ်သွင်းယူခဲ့လို့၃-၁ဂိုးဖြင့် အဆုံးသတ်ခဲ့ပါတယ်။

နည်းပြကိုးလ်မန်းရဲ့ဘာစီလိုနာဟာ ကြားရက်မှာ ချန်ပီယံလိဂ်ပွဲအဖြစ် ဒိုင်နမိုကိဗ်နဲ့ ဆက်လက် ရင်ဆိုင်သွားရမှာ ဖြစ်ပြီး ဗလန်စီယာအသင်းကတော့ လာမယ့်ရက်သတ္တပတ်မှာ မာလော့ကာနဲ့တွေ့ဆုံသွားမှာပါ။

#ဘာစီလိုနာ #ဗလန်စီယာ #ကိုးလ်မန်း #ဖာတီ