နယူးကာဆယ်နဲ့ပွဲက ဖြစ်ရပ်နဲ့ ပတ်သက်လို့ ရှင်းပြလာတဲ့ ရီဂူလွန်
9:09 AM, 18 October
တော့တင်ဟမ်အသင်းဘယ်နောက်ခံလူ ဆာဂျီယိုရီဂူလွန်က နယူးကာဆယ်နဲ့ပွဲမှာ အိမ်ရှင်ပရိသတ်တစ်ဦးရဲ့ အရေးပေါ်အခြေအနေကြောင့် ပွဲရပ်နားဖို့ ကွင်းလယ်ဒိုင်ကို အသိပေးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလာပါတယ်။
ပထမပိုင်းပြီးခါနီး ပွဲကြည့်စင်မှာ နယူးကာဆယ်ပရိသတ်တစ်ဦး လဲကျသွားပြီးနောက် အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရပြီး ဆေးရုံတင်ပို့လိုက်ပြီးနောက် ယခုအခါ အခြေအနေတည်ငြိမ်သွားပြီဖြစ်ပါတယ်။ ဒါပေမဲ့ ရီဂူလွန်ရဲ့ အခန်းကဏ္ဍက အရေးပါခဲ့ပြီး တော့တင်ဟမ်အသင်း ထောင့်ကန်ဘောကန်ဖို့ ပြင်ဆင်နေချိန် ရီဂူလွန်ရဲ့ဘယ်ဘက်အခြမ်းရှိ East Stand မှာ ပရိသတ်တစ်ဦး ရုတ်တရက်လဲကျသွားတာကို ရီဂူလွန်က သတိပြုမိကာ ပွဲကို ချက်ချင်းရပ်ဖို့ ကွင်းလယ်ဒိုင်ကို အသိပေးခဲ့တာပါ။
''ပရိသတ်တွေရဲ့ စူးစူးဝါးဝါးအော်သံကို ကျွန်တော်တို့ ကြားလိုက်ပါတယ်။ အမျိုးသားတစ်ဦး လဲကျသွားတာကို ကျွန်တော်တွေ့လိုက်ပါတယ်။ အရမ်းကို ထိတ်လန့်စရာကောင်းပါတယ်။ ကျွန်တော်လည်း ဒိုင်လူကြီးနားသွားပြီး ကျွန်တော်တို့ ပွဲရပ်မှဖြစ်မယ်၊ ဒီပုံစံနဲ့ ဆက်ကစားလို့မရဘူးလို့ ပြောခဲ့ပါတယ်။ အဲဒီလူ နေကောင်းဖို့က အရာအားလုံးထက် အရေးကြီးပါတယ်''လို့ ရီဂူလွန်က ပြောပါတယ်။
အဲဒီနောက် အဆိုပါပရိသတ်ကို နယူးကာဆယ်ဆေးအဖွဲ့က အရေးပေါ်ကုသနေတုန်း ဒိုင်လူကြီးက ကစားသမားတွေကို ဥမင်လိုဏ်ခေါင်းထဲ ဝင်စေပြီး ပွဲပြန်စတဲ့အခါ နယူးကာဆယ်ပရိသတ်တွေက ရီဂူလွန်ကို လက်ခုပ်တီးအားပေးခဲ့ကြပါတယ်။
ပြီးတော့ တော့တင်ဟမ်နောက်ခံလူ ဒိုင်ယာကလည်း နယူးကာဆယ်ပရိသတ်ကို အရေးပေါ်ကုသဖို့ အိမ်ရှင်အသင်းဆေးအဖွဲ့ထံ အပြေးသွားရောက်ပြောကြားခဲ့ပြီး ပွဲအပြီးမှာ သူတို့နှစ်ယောက်က ပွဲစဉ်အလိုက်အကောင်းဆုံး ကစားသမားဆုကို ပူးတွဲရရှိခဲ့ပါတယ်။