ရှေ့သို့
Image

ဆဲလ်ဘတ်က အဒီယီမီကိုခေါ်ယူဖို့ စတင်ဆွေးနွေးနေပြီဖြစ်တဲ့ ဘိုင်ယန်မြူးနစ်

2:55 PM, 17 October

Sky Sports ရဲ့ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်အသင်းဟာ သူတို့အသင်းရဲ့ လူငယ်ကစားသမားဟောင်း လက်ရှိ ဆဲလ်ဘတ်နဲ့ ဂျာမနီလက်ရွေးစင်အသင်ရဲ့ တိုက်စစ်မှူးလေး ကာရင်အဒီယီမီကို ပြန်လည်ခေါ်ယူနိုင်ဖို့အတွက် စနေနေ့ကစတင်ကာ ဆွေးနွေးမှုတွေ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။

အဒီယီမီရဲ့ ဖခင်၊ အေးဂျင့်တို့အပါအဝင် ကိုယ်စားလှယ်တွေနဲ့ ဘိုင်ယန်တာဝန်ရှိသူတွေဟာ မနေ့ကစပြီး ဆွေးနွေးလျက်ရှိပြီး ကစားသမားရဲ့တန်ဖိုးက ယူရိုသန်း ၃၀ ကနေ ၄၀ ကြား ပေးချေရဖို့ရှိနေပါတယ်။ အဒီယီမီကိုယ်တိုင်ကလည်း ဂျာမန်ဘွန်ဒက်လီဂါကို ပြန်လည်ပြောင်းရွှေ့လိုနေပြီး သူ့ရဲ့ငယ်ဘဝကလပ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကသာ အကောင်းဆုံးရွေးချယ်မှု တစ်ခုဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် ၁၉ နှစ်အရွယ်ကစားသမားဟာ နွေရာသီမှ အသင်းပြောင်းရွှေ့ဖို့များပြီး ဘယ်အသင်းကို သွားရမလဲဆိုတာကိုလည်း မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။ ဘွန်ဒက်လီဂါအသင်းတွေဖြစ်တဲ့ ဘိုင်ယန်၊ ဒေါ့မွန်နဲ့ လိုက်ပ်ဇစ်တို့အပြင် ဂျာမန်ထိပ်သီးနည်းပြကြီးဖြစ်တဲ့ ဂျာဂန်ကလော့ပ်ရဲ့ လီဗာပူးကလည်း အဒီယီမီကို စိတ်ဝင်စားနေပါတယ်။ လက်ရှိအမှန်တကယ် ဆွေးနွေးမှုစတင်လာတဲ့အသင်းကတော့ ဘိုင်ယန်မြူးနစ်တစ်သင်းသာ ရှိပါသေးတယ်။ ဒါပေမယ့် အခုမှအစပဲရှိသေးတာကြောင့် ဘာမဆိုဖြစ်သွားနိုင်တဲ့ အနေအထားလည်း ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် အဒီယီမီဟာ လူငယ်သလောက် ချန်ပီယံလိဂ်မှာ တော်တော်လေး ခြေစွာနေတာကြောင့် လာမယ့်အပြောင်းအရွှေ့တွေမှာ ဒေါ့မွန်ရဲ့ ဟာလန်း၊ ဘင်ဖီကာရဲ့ ဒါဝင်၊ ဖီအိုရဲ့ ဗလာဟိုဗစ်တို့နည်းတူ ဥရောပအသင်းကြီးတွေ အပြိုင်လုကြဦးမယ့် လူငယ်တိုက်စစ်မှူးလည်း ဖြစ်ပါတယ်။

#ဟာလန်း #ဒါကာ #ဘိုင်ယန်မြူးနစ် #ဗလာဟိုဗစ် #ဆဲလ်ဘတ် #အဒီယီမီ