ရှေ့သို့
Image

အသင်းခေါင်းဆောင် မက်ဂွာရီရဲ့နေရာမှာ အစားထိုးဖို့ ကစားသမားပါ ရှာဖွေနေတဲ့ ယူနိုက်တက်

2:36 PM, 17 October

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်အပြောင်းအရွှေ့တွေမှာ အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွာရီရဲ့ နေရာမှာကစားနိုင်တဲ့ ကစားသမားတစ်ဦးကို ရှာဖွေလာခဲ့ပြီး ဆီဗီလာခံစစ်မှူး ဂျူးစ်ကွန်ဒီကို စိတ်ဝင်စားနေပါတယ်။

ပြင်သစ်လက်ရွေးစင်ဟာ လာလီဂါမှာ အထူးခြေစွမ်းပြသလျက်ရှိပြီး ဥရောပရဲ့ အကောင်းဆုံး လူငယ်ခံစစ်မှူးတစ်ဦး ဖြစ်လာပါတယ်။ ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်တို့က ကွန်ဒီကိုခေါ်ယူဖို့ ကြိုးစားနေကြသလို ယူနိုက်တက်ကလည်း ကွန်ဒီကို ရာဖေးလ်ဗာရာနီနဲ့ တွဲကစားစေဖို့ စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။

လက်ရှိအသင်းရဲ့ ခြေစွမ်းတွေကြောင့် ယူနိုက်တက်ဟာ မက်ဂွာရီကို ပထမဦးစားပေး ကစားသမားအဖြစ် ဆက်လက်နေရာပေးဖို့ ယုံကြည်မှု နည်းပါးလာခဲ့ပါတယ်။ အထူးသဖြင့် မနေ့ညကပွဲမှာဆိုရင် အင်္ဂလန်လက်ရွေးစင်ရဲ့ ပေါ့လျော့မှုတွေကို မြင်တွေ့ခဲ့ရပြီး လက်စတာကို အဝေးကွင်းမှာ ၄-၂ ဆိုတဲ့ ဂိုးပြတ်ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။

ယူရီတိုင်လေမန်းရဲ့ ဂိုးမှာ မက်ဂွာရီရဲ့ တစ်ဦးချင်းလူကပ်ကစားပုံ ညံ့ဖျင်းခဲ့ပြီး ၂၈ နှစ်အရွယ်ကစားသမားရဲ့ ၂၀၁၉ တုန်းက လက်စတာကို ပေးခဲ့ရတဲ့ ပေါင်သန်း ၈၀ တန်ကြေးနဲ့ မလိုက်အောင် ခြေစွမ်းက ဆိုးရွားလာခဲ့ပါတယ်။ လက်ရှိယူနိုက်တက်တို့ စိတ်ဝင်စားနေတဲ့ ကွန်ဒီကတော့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၉၀ ခန့်ကျသင့်နိုင်သလို ကစားသမားကိုယ်တိုင်ကလည်း ယူနိုက်တက်ထက် အခြားအသင်းတွေကိုသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။

၂၂ နှစ်အရွယ် နောက်ခံလူဟာ ပြင်သစ်လက်ရွေးစင်အသင်းမှာလည်း ဗာရာနီနဲ့အတွဲညီညီ ကစားနိုင်သူဖြစ်တာကြောင့် ယူနိုက်တက်ရဲ့ခံစစ်ကြောင်းမှာ အမှန်တကယ်လိုအပ်နေသူ ဖြစ်ပါတယ်။ ယူနိုက်တက်မှာ လိုအပ်နေတာက ခံစစ်တစ်ခုတည်းတော့ မဟုတ်ပါဘူး၊ ကွင်းလယ်အဖျက်ကစားသမား မရှိတာကလည်း နည်းပြအိုလီဂန်နာဆိုးလ်ရှားအတွက် ခေါင်းခဲစရာအဓိက အားနည်းချက်တစ်ခု ဖြစ်နေပါတယ်။

အသင်းဖက်ကတော့ နည်းပြဆိုးလ်ရှားကို ယုံကြည်ထားဆဲဖြစ်တာကြောင့် လာမယ့်အပြောင်းအရွှေ့တွေမှာ ယူနိုက်တက်တို့ ဘယ်လိုမျိုးဈေးကွက်ထဲမှာ လှုပ်ရှားမလဲဆိုတာက စိတ်ဝင်စားဖို့ ကောင်းလာပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #မက်ဂွါရီ #ဗာရာနီ #ကွန်ဒီ