ရှေ့သို့
Image

ယူနိုက်တက်က ဂိုးပြတ် ရှုံးပွဲနဲ့ ထိုက်တန်ပါတယ်လို့ ရိုးသားစွာ ဝန်ခံလိုက်တဲ့ ပေါ့ဂ်ဘာ

10:35 AM, 17 October

လက်စတာနှင့်ကစားခဲ့တဲ့ပွဲမှာ သူ့ရဲ့အသင်းက ရှုံးနိမ့်မှုနှင့်ထိုက်တန်ပါတယ်လို့ ယူနိုက်တက်ကွင်းလယ်ကစား သမား ပေါ့ဂ်ဘာက ပြောဆိုလိုက်ပါတယ်။ လက်စတာဟာ တိုင်လေမန်းစ်၊ ဆိုယွန်ကူ၊ ဗာဒီ၊ ဒါကာတို့ရဲ့ သွင်းဂိုးများဖြင့် ယူနိုက်တက်ကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ တာဖြစ်ပါတယ်။

ဂရင်းဝုဒ်၊ ရက်ချ်ဖို့ဒ်တို့ဂိုးသွင်းယူနိုင်ခဲ့သော်လည်း အသင်းကရှုံးနိမ့်ခဲ့တာဖြစ်တဲ့အတွက် ၎င်းရှုံးပွဲထွက် နည်းပြ ဆိုးလ်ရှားက တာဝန်ယူရမှာဖြစ်ကြောင်း အသင်းပရိသတ်တွေက ပြောဆိုထားကြပါတယ်။ ပရိသတ်တွေလိုပဲ ပေါ့ဂ်ဘာက အသင်းရဲ့ရလဒ်ကို သဘောကျခြင်းမရှိဘဲ အသင်းရဲ့စွမ်းဆောင်ရည်က ဆိုးရွားခဲ့တဲ့ အတွက်ကြောင့် လက်စတာကို ရှုံးနိမ့်တာက ထိုက်တန်ပါတယ်လို့ ဆိုပါတယ်။

“ ကျွန်တော်တို့ ရှုံးနိမ့်ရတာက ထိုက်တန်ပါတယ် ” “ အရိုးသားဆုံးပြောရရင် ဒီလိုပွဲမျိုးကို ကျွန်တော်တို့တွေက အရင်ကတည်းက ကစားခဲ့ကြတာပါ ” “ အသင်းရဲ့ပြဿနာကို မတွေ့ခဲ့ဘဲ အလွယ်တကူ ဂိုးတွေပေးလိုက်ရတာပါ။ ကျွန်တော်တို့က တိုးတက်လာသင့်ပြီး နည်းစနစ်ကောင်းတွေနဲ့ အတွေ့အကြုံရှိရှိ ကစားသွားရမှာပါ။ ကျွန်တော်တို့က တစ်ခုခုလုပ်ဆောင်ဖို့ ပြောင်းလဲဖို့ လိုအပ်နေပါပြီ ”

“ ကျွန်တော်တို့က နည်းလမ်းမှန်ကိုရှာဖွေပြီး ပြဿနာကိုဖြေရှင်းရမှာပါ ” လို့ ပေါ့ဂ်ဘာက ပြောပါတယ်။ ကွင်းလယ်ကစားသမားဟာ ရာသီအစမှာ ခြေစွမ်းပြသဖို့ ခက်ခဲခဲ့သော်လည်း ယူနိုက်တက်နှင့်ပွဲမှာ ခြေစွမ်းပြသနိုင် ခဲ့တဲ့ မက်ဒီဆင်ကို လက်စတာနည်းပြ ရော်ဂျာက ချီးကျူးသွားခဲ့ပါတယ်။

“ သူက အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီပွဲမှာ သူက အကောင်းဆုံးကြိုးစားခဲ့ပြီး အသင်းဖော်တွေအတွက်လည်း အကောင်းဆုံးပေးပို့မှုတွေလုပ်နိုင်ခဲ့ပါတယ် ” လို့ ရော်ဂျာက ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #ပေါ့ဂ်ဘာ #မက်ဒီဆင် #ရော်ဂျာ