ရှေ့သို့
Image

ဂွာဒီယိုလာ တောင်းဆိုတဲ့ လူ ၅ ယောက်လဲခွင့်ကို ခွင့်ပြုလိုက်တဲ့ EFL

2:20 PM, 16 October

မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာတစ်ယောက် သူတောင်းဆိုထားတဲ့ ပွဲတစ်ပွဲမှာ လူစားလဲမှု ၅ ကြိမ် ပြုလုပ်ခွင့်ကို ကာရာဘောင်ဖလားတာဝန်ရှိသူတွေဘက်က ခွင့်ပြုပေးလိုက်လို့ အောင်ပွဲခံလို့ရခဲ့ပါပြီ။

ဒီလအစောပိုင်းကပဲ မန်စီးတီးနည်းပြကြီးက ကာရာဘောင်(EFL) ပြိုင်ပွဲရဲ့ လက်ကျန်ပွဲစဉ်တွေမှာ လူစားလဲမှု အကြိမ်ရေကို ၃ ကြိမ်ကနေ ၅ ကြိမ်ကို တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီအချိန်မှာတော့ ဂွာဒီယိုလာရဲ့အဆိုကို ပြိုင်ပွဲမှာ ရှိနေသေးတဲ့ အသင်း ၁၆ သင်းမှာ ၁၄ သင်းက ထောက်ခံခဲ့တာကြောင့် ဒီအဆိုက အတည်ဖြစ်သွားခဲ့ပြီဖြစ်ကြောင်း သတင်းစာတွေက ဖော်ပြလာခဲ့ပါတယ်။

အသင်းတိုင်းက EFL နဲ့ တိုက်ရိုက်ဆက်သွယ်ကာ သူတို့ရဲ့အမြင်တွေကို ပြောခဲ့ကြပြီး ဒီအပြောင်းအလဲကို မကြာမီ အတည်ပြုကြေညာသွားဖွယ်ရှိနေပါတယ်။ ဒီအဆိုအောင်မြင်မှုကြောင့် ကစားသမားတွေ ပိုပြီးအသုံးပြုခွင့် ရရှိတော့မှာဖြစ်တာကြောင့် ဂွာဒီယိုလာတစ်ယောက် ပျော်နေမှာ သေချာပါတယ်။ စီးတီးဟာ စပိန်သားနည်းပြကြီးရဲ့ လက်အောက်မှာ EFL ဖလားကို လေးကြိမ်ဆက်ရရှိထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ကိုဗစ်ပြဿနာကြောင့် EFL က ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်အဆင့်မှာ လူစားလဲမှု အကြိမ်ရေကို တိုးမြှင့်ပေးခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီနှစ်ပြိုင်ပွဲမှာတော့ လူစားလဲမှုကို ပုံမှန်အတိုင်း ၃ ယောက် ပြန်လုပ်လိုက်တာကြောင့် အစောပိုင်းပွဲစဉ်တွေမှာတုန်းက ၃ ယောက်ထက် ပိုလဲခွင့်မရခဲ့တာကြောင့် အသင်းတစ်ချို့က ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ