ရှေ့သို့
Image

ဆူလီနဲ့ ကော်တင်ဟိုတို့ကို ခေါ်ယူဖို့ နယူးကာဆယ်အသင်း ကြိုးစားနေဟုဆို

12:44 PM, 15 October

သတင်းတွေရဲ့ဖော်ပြချက်အရ နယူးကာဆယ်အသင်းဟာ ဘိုင်ယန်နောက်ခံလူ နစ်ကလပ်စ်ဆူလီနဲ့ ဘာစီလိုနာကွင်းလယ်တိုက်စစ်သမား ကော်တင်ဟိုတို့ကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဂျာမန်သတင်းစာ BILD က နယူးကာဆယ်အနေနဲ့ လာမယ့်ဇန်နဝါရီလအတွင်း အဆိုပါ ကစားသမားနှစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိ ဆူလီဟာ ဂျာမနီအသင်းအတွက် ၃၇ပွဲကစားပေးထားပြီး လာမယ့်နွေရာသီမှာ ဘိုင်ယန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံသား ကော်တင်ဟိုကတော့ ၂၀၁၈ မှာ လီဗာပူးကနေ ဘာစီလိုနာကို ရောက်လာပြီးချိန်ကတည်းက ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပြီး နယူးကာဆယ်အသင်းပိုင်ရှင်သစ်တွေက သူတို့နှစ်ယောက်နဲ့အတူ ချဲလ်ဆီးတိုက်စစ်မှူး တီမိုဝါနာကိုပါ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

နယူးကာဆယ်အသင်းကို ဆော်ဒီအိမ်ရှေ့မင်းသား ဦးဆောင်ပြီး အလုံးစုံလွှဲပြောင်းဝယ်ယူပြီးနောက်  အသင်းက ကမ္ဘာ့အချမ်းသာဆုံး ကလပ်ဖြစ်လာခဲ့ပြီး ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးမျှခြေစည်းမျဉ်းကို မချိုးဖျက်ဘဲ လာမယ့် ၃ရာသီအတွင်း ပေါင်သန်း ၂၀၀ အထိ ငွေကြေးသုံးစွဲလို့ရပါတယ်။ ဒီအတွက်ကြောင့်ပဲ နယူးကာဆယ်အသင်းနဲ့ ပတ်သက်လို့ ဒီရက်ပိုင်းထဲမှာ အပြောင်းအရွှေ့သတင်းတွေ ကျယ်ပြန့်စွာထွက်ပေါ်နေပြီး လက်ရှိနည်းပြစတိဗ်ဘရုစ်လည်း မကြာခင်ထုတ်ပယ်ခံရတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

#နယူးကာဆယ် #ဝါနာ #စတိဗ်ဘရုစ် #ကော်တင်ဟို #ဆူလီ