ရှေ့သို့
Image

ဗီဒစ်နဲ့ စကားများပြီး ၃ လလောက် စကားမပြောဖူးဘူးလို့ ဖွင့်ဟလာတဲ့ အီဗရာ

10:28 AM, 15 October

မန်ချက်စတာယူနိုက်တက် ဂန္တဝင်နောက်ခံလူတစ်ယောက်ဖြစ်တဲ့ ပက်ထရစ်အီဗရာက အသင်းခေါင်းဆောင်ဟောင်း နီမန်ဂျာဗီဒစ်နဲ့ ယူနိုက်တက်မှာ တွဲကစားစဉ်က စကားများရန်ဖြစ်ပြီး ၃ လလောက် စကားမပြောပဲ နေခဲ့ဖူးတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ အီဗရာနဲ့ ဗီဒစ်တို့ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ် ၅ ကြိမ်နဲ့ ၂၀၀၈ ချန်ပီယံလိဂ်ဖလားအပါအဝင် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ကြပါတယ်။

ဒါပေမယ့် ပြင်သစ်သားက သူတို့နှစ်ယောက် စကားများရန်ဖြစ်ခဲ့ပြီးနောက် ဆာအဲလက်စ်ဖာဂူဆန်က ပုံမှန်ဗဟိုခံစစ်ညာခြမ်းမှာကစားတဲ့ ရီယိုဖာဒီနန်ကို ဘယ်ခြမ်းပြောင်းပြီး ဗီဒစ်နဲ့သူနဲ့ကြားကို ထည့်ကစားခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ အဲ့ဒါမှလည်း မတည့်တဲ့နှစ်ယောက်ကို ကပ်ထားသလိုမဖြစ်မှာ ဖြစ်ပါတယ်။

အီဗရာက သူတို့နှစ်ယောက် လုံးဝမတည့်တာတော့ မဟုတ်ပေမယ့် ဖာဂူဆန်က ဆန်းဒါးလန်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ၂၀၁၁ နိုဝင်ဘာတုန်းကပွဲမှာဆိုရင် သူနဲ့ ဗီဒစ်ကို နေရာပြောင်းကစားဖို့ ပြောခဲ့တယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။ အဲ့ဒီလိုနေရာပြောင်း ကစားခဲ့ပြီးနောက် မြို့ခံပြိုင်ဘက် မန်စီးတီးကို ၆-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့အထိ ရလဒ်ဆိုးသွားခဲ့တာကြောင့် ဖာဒီနန်တောင် ဝေဖန်ခံခဲ့ရပါသေးတယ်။ ဗီဒစ်နဲ့အီဗရာဟာ ၂၀၀၅- ၀၆ ရာသီရဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ တစ်လဝန်းကျင်သာခြားပြီး ရောက်လာကြတာ ဖြစ်ပါတယ်။

အီဗရာက “ ကျွန်တော်တို့တွေ အသင်းကိုရောက်တဲ့အချိန်တွေက သိပ်မကွာကြဘူးလေ၊ အတူတူ ရုန်းကန်ရတဲ့ အချိန်တွေလည်း ရှိခဲ့တယ်။ ရောက်စဆိုတော့ အိမ်မရသေးတော့ ဟိုတယ်တစ်ခုတည်းမှာလည်း နေခဲ့ရဖူးတယ်။ အစကဆို သူနဲ့ကျွန်တော် လုံးဝမတည့်ခဲ့ပါဘူး။ နှစ်ယောက်စလုံး အရန်အသင်းပို့ခံခဲ့ရဖူးတယ်။ အဲ့ဒီတုန်းက အရန်အသင်းနည်းပြက ရီနီ(မူလန်စတင်း)ပါ။ ပထမပိုင်း ၄၅ မိနစ်ပြီးတော့ နှစ်ယောက်လုံး လူစားလဲခံလိုက်ရတယ်။ အရန်အသင်းမှာနော်”

အဝတ်လဲခန်းထဲရောက်တော့ ဗီဒါက “ ငါ့အေးဂျင့်က ငါ့ဆီဖုန်းဆက်တယ်၊ ငါ မော်စကိုကိုပြန်ရတော့မယ် ” ဆိုပြီး ပြောတယ်။ ကျွန်တော့်အေးဂျင့်ကလည်း ကျွန်တော့်ဆီဖုန်းဆက်ပြီး ရိုးမားက ကျွန်တော့်ကိုစိတ်ဝင်စားနေကြောင်း ပြောခဲ့တယ်။ တကယ်လည်း ဒီအသင်းမှာ ခက်ခဲနေခဲ့တာပါ။ အဲ့ဒါကြောင့် အတူရုန်းကန်ခဲ့ဖူးတယ်လို့ပြောတာ။ ကျွန်တော်တို့ အဲ့ဒီချိန်က ရန်ဖြစ်ခဲ့ကြတယ်။ ဘာလို့ဖြစ်လဲဆိုတာတော့ မမှတ်မိတော့ဘူး။ အဲ့ဒီတုန်းက သူနဲ့ ကျွန်တော် ၃ လလောက် စကားမပြောဖြစ်ခဲ့ဘူး။

အတူကစားနေပေမယ့် စကားတစ်ခွန်းမှမပြောဘူး၊ ကျွန်တော်လည်းမပြောဘူး၊ သူလည်းမပြောဘူး။ နောက်တော့ ဖာဂီက ဖာဒီနန်ကို သူနဲ့ကျွန်တော်နဲ့ ကြားကိုပြောင်းကစားခိုင်းတယ်။ အဲ့ဒီလိုမျိုး ၃ လလောက် ကစားလိုက်ရတယ်။ နောက်ဆုံး သူ့ဘက်က စခေါ်လာပါတယ်၊ အဝတ်လဲခန်းထဲမှာ လက်ဝါးချင်းရိုက်ပြီး စကားပြန်ပြောဖြစ်ခဲ့ကြတယ်။ အသင်းသားတွေလည်း အဲ့ဒီတော့မှာ တော်ပါသေးရဲ့ဆိုပြီး ဖြစ်သွားကြတယ်။

ကျွန်တော်တို့က သူငယ်ချင်းအရင်းကြီးတွေပါ၊ ဒီလိုဇာတ်လမ်းလေးတွေရှိခဲ့လို့လည်း ပိုရင်းနှီးသွားကြတယ်လို့ ထင်ပါတယ်။ ကျွန်တော်သူ့ကိုတကယ် သဘောကျတာပါ။ အတူရုန်းကန်ခဲ့ရတဲ့ မတည့်အတူနေကောင်ဆိုတော့လည်း ပိုခင်တွယ်မိတာပေါ့လေ။ တစ်ယောက်က အမှားလုပ်ရင် နောက်တစ်ယောက်က အသေပြောတာ ဒါပေမယ့် အဲ့ဒီလို အမှားကိုထောက်တော့ အမှားမရှိအောင် ကစားတယ်။

“ဒီကောင်ထက် ငါပိုကောင်းရမယ်ဆိုတဲ့ စိတ်နဲ့ကစားတော့ နှစ်ယောက်လုံး အမှားမရှိတော့ဘူး ” ဆိုပြီး ပြောပြခဲ့ပါတယ်။ အီဗရာရော ဗီဒစ်ပါ ယူနိုက်တက်ရဲ့ ခံစစ်လေးယောက်တန်းမှာ အချိန်အတန်ကြာ တွဲကစားခဲ့ကြပြီး ပြင်သစ်သားက ပွဲပေါင်း ၃၇၉ ပွဲနဲ့ ဆားဘီးယားသားက ပွဲပေါင်း ၃၀၀ ကစားပေးခဲ့ကြပါတယ်။

#မန်ချက်စတာယူနိုက်တက် #အီဗရာ #ဖာဒီနန် #ဗီဒစ်