ရှေ့သို့
Image

ဥရုဂွေးကို အလွယ်တကူ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဘရာဇီး၊ ပီရူးကို ကပ်ပြီးအနိုင်ရခဲ့တဲ့ အာဂျင်တီးနား

9:33 AM, 15 October

အာဂျင်တီးနားနဲ့ ဘရာဇီးအသင်းတွေဟာ ယနေ့နံနက် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ပြိုင်ဘက်အသီးသီးကို အနိုင်ယူခဲ့ပါတယ်။ ဘရာဇီးမှာ ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့ တောင်ပံကစားသမား ရာဖင်ဟာကတော့ ဥရုဂွေးကို ၄-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၂ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။

ပွဲအစ ၁၀မိနစ်မှာပဲ နေမာက အကောင်းဆုံး ခြေစွမ်းတွေနဲ့အတူ ဘရာဇီးအတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ ၈မိနစ်အကြာမှာပဲ လိဒ်စ်တောင်ပံကစားသမားက လျံထွက်လာတဲ့ ဘောလုံးကို ပိတ်သွင်းကာ ဒုတိယဂိုး ရယူပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ရာဖင်ဟာက တစ်ကိုယ်တော်အစွမ်းနဲ့ ကျော်ဖြတ်ကာ တတိယဂိုး သွင်းပေးခဲ့ပြန်ပါတယ်။ ဥရုဂွေးအတွက် ဆွာရက်ဇ်က ချေပဂိုး၁ဂိုး သွင်းပေးခဲ့ပေမဲ့ ပွဲပြီးခါနီ ဘာဘိုဆာက ထပ်သွင်းခဲ့လို့ ဘရာဇီးတို့ ၄-၁ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဘရာဇီးအသင်းဟာ ယခုနိုင်ပွဲကြောင့် ဇယားထိပ်မှာ ဆက်ဦးဆောင်နေပြီး ဥရုဂွေးကတော့ ၆ပွဲသာ ကစားဖို့ ကျန်တော့ချိန် အဆင့်၅နေရာမှာ ရှိနေပါတယ်။ အာဂျင်တီးနားအသင်းကတော့ ပီရူးကို အိမ်ကွင်းမှာ အသည်းအသန် ကစားခဲ့ရပြီး ၁ဂိုးတည်းနဲ့ ကပ်နိုင်ခဲ့ပါတယ်။

အာဂျင်တီးနားအတွက် ၁လုံးတည်းသော အနိုင်ဂိုးကိုတော့ အင်တာတိုက်စစ်မှူး လော်တာရို မာတီနက်ဇ်က သွင်းယူပေးခဲ့ပါတယ်။ ပွဲရဲ့အလှည့်အပြောင်းကတော့ ၆၅မိနစ်မှာ ဖြစ်ပေါ်ခဲ့ပြီး ဂိုးသမား မာတီနက်ဇ် ဂျက်ဖာဆန်ကို ဧရိယာထဲ ဆွဲချခဲ့တာကြောင့် ပီရူးတို့ ပင်နယ်တီကန်ခွင့် ရခဲ့ပေမဲ့ ယိုတန်ရဲ့ ကန်ချက်က ဘားထိထွက်ခဲ့တာပဲ ဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ယခုနိုင်ပွဲကြောင့် ဒုတိယနေရာမှာ ဆက်ရှိနေပြီး ပီရူးကတော့ ၁၁မှတ်သာ ရသေးတာကြောင့် ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက် သိပ်မကျန်တော့ဘူးလို့ ဆိုရမှာပါ။

#ပီရူး #ဘရာဇီး #အာဂျင်တီးနား #ကမ္ဘာ့ဖလားခြေစစ်ပွဲ #ဥရုဂွေး