ရှေ့သို့
Image

စတိဗ်ဘရုစ်ရဲ့ နေရာကို မော်ရင်ဟိုနဲ့ အစားထိုးဖို့ နယူးကာဆယ်ကို ဒန်နီမေးလ် တိုက်တွန်း

9:19 AM, 15 October

လိဒ်ယူနိုက်တက်ကြယ်ပွင့်ဟောင်း ဒန်နီမေးလ်က နယူးကာဆယ်နည်းပြ စတိဗ်ဘရုစ်ရဲ့နေရာမှာ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း ဂျိုဆေးမော်ရင်ဟိုကို အစားထိုးတာထက် ပိုကောင်းတဲ့ နည်းပြမျိုးမရှိနိုင်တော့ဘူးလို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ကမှ နယူးကာဆယ်ကို Public Investment Fund (PIF) ကနေ ပေါင် ၃၀၅ သန်းနဲ့ လွှဲပြောင်းရယူခဲ့ပြီးနောက် ကမ္ဘာ့အချမ်းသာဆုံး အသင်း တစ်သင်း ဖြစ်လာခဲ့ပါတယ်။ အသင်းပိုင်ရှင်သစ်တွေက ငှက်ကြားအသင်းကို တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့အသင်းအဖြစ်ကနေ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်းအဖြစ် ပြောင်းလဲပေးသွားမယ်လို့ ပရိသတ်တွေဆီ ကတိပေးခဲ့ပါတယ်။

အလုံးစုံပြောင်းလဲမှုရဲ့ အဓိကအစိတ်အပိုင်းတစ်ခုကတော့ နည်းပြအပြောင်းအလဲ ဖြစ်တာကြောင့် လက်ရှိနယူးကာဆယ်နည်းပြ စတိဗ်ဘရုစ်အတွက်တော့ အချိန်အတိုင်းအတာတစ်ခုထိသာ နယူးကာဆယ်အသင်းမှာ ဆက်ရှိနိုင်တော့မှာ ဖြစ်ပါတယ်။ သတင်းတွေအရတော့ အသက် ၆၀ အရွယ် နည်းပြကြီးဟာ ဆော်ဒီအသင်းပိုင်ရှင်တွေဆီက လျော်ကြေးပေါင် ၈ သန်းယူပြီး အသင်းကထွက်ခွာဖို့ စဉ်းစားနေတယ်လို့လည်း သိရပါတယ်။

အသင်းပိုင်ရှင်သစ်တွေဟာ ရလဒ်ဆိုးတွေကြုံတွေ့နေရတဲ့ နည်းပြစတိဗ်ဘရုစ်ရဲ့နေရာမှာတော့ နာမည်ကျော်နည်းပြတွေဖြစ်တဲ့ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ၊ လူစီယန်ဖေဗရီနဲ့ လက်ရှိရိန်းဂျားနည်းပြ စတီဗင်ဂျရတ်တို့ထဲက တစ်ဦးကို အစားထိုးဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့် လိဒ်ယူနိုက်တက်နဲ့ မန်စီးတီးခံစစ်မှူးဟောင်း ဒန်နီမေးလ်ကတော့ ပေါ်တူဂီသားနည်းပြကြီး မော်ရင်ဟိုကသာ နယူးကာဆယ်ကို ထိပ်ဆုံးလေးသင်းထဲရောက်အောင် စွမ်းဆောင်ပေးနိုင်မယ့်သူအဖြစ် ထောက်ခံသွားခဲ့ပါတယ်။

မေးလ်က “ငွေနဲ့အသင်းတစ်သင်းကို အောင်မြင်အောင် တည်ဆောက်မယ်ဆိုရင် နည်းပြကောင်းတစ်ဦးလည်း ရှိဖို့လိုတယ်။ ကျွန်တော်သာဆိုရင်တော့ မော်ရင်ဟိုကလွဲလို့ တခြားနည်းပြတွေကို စဉ်းစားမှာမဟုတ်ပါဘူး။ ဂျိုဆေးကိုသာ ငွေကြေးအလုံအလောက်ပေးပြီး သူ့စိတ်ကြိုက်အသင်းကို စီမံခန့်ခွဲခွင့် ပေးလိုက်ပါ။ သူကအဲ့ဒီအသင်းကို ထင်ထားတာထက်ပိုပြီးတော့ မြန်မြန်ဆန်ဆန် အောင်မြင်မှုတွေ ရယူပေးပါလိမ့်မယ်။ နယူးကာဆယ်က ဒီရာသီမှာ အရမ်းကိုအထလေးနေပြီး တန်းမဆင်းရဖို့တောင်ရုန်းကန်ရနိုင်တယ်။ ဒီပုံစံအတိုင်းဆိုရင် အကောင်းဆုံးဆိုလို့ နောက်ရာသီ အမှတ်ပေးဇယား ပထမတစ်ဝက်ကိုရောက်မယ်၊ ပြီးရင် ထိပ်ဆုံး ၆ သင်းဝင်မယ်။ ဒါပေမယ့် ထိပ်ဆုံး ၄ သင်းထဲ ဝင်ချင်တယ်ဆိုရင်တော့ မော်ရင်ဟိုထက်ပိုကောင်းတဲ့ နည်းပြမရှိနိုင်ပါဘူး။ သူလိုချင်တဲ့ ကစားသမားတွေသာ ဝယ်ပေးလိုက်ပါ ဒါပေမယ့် ဒီလိုအသင်းတစ်သင်းကို အောင်မြင်အောင်လုပ်ပေးနိုင်တဲ့ သူပဲရှိပါတယ်။ ဒီတစ်ပတ်ရလဒ်မကောင်းရင် နောက်တစ်ပတ်ကျ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရလဒ်ကောင်းစေတဲ့သူမျိုး။ ဇန်နဝါရီအပြောင်းအရွှေ့မှာ ရောက်လာရင်ကောင်းမယ်။ ဘောလုံးလောကကြီး အခြေအနေမကောင်းရင်တောင်မှ သူက ပွဲတွေကို အနိုင်ရအောင် ကစားတတ်တယ်”လို့ ပြောခဲ့ပါတယ်။

မော်ရင်ဟိုဟာ ဒီရာသီ အီတလီထိပ်သီး ရိုးမားအသင်းကို နည်းပြတာဝန်ယူလျက်ရှိပြီး အဖွင့် ၇ ပွဲ ကစားပြီးချိန်မှာ အဆင့် ၄ နေရာမှာ ရပ်တည်လျက်ရှိပါတယ်။

#နယူးကာဆယ် #လိဒ်စ်ယူနိုက်တက် #မော်ရင်ဟို #စတိဗ်ဘရုစ် #ဒန်နီမေးလ်