ရှေ့သို့
Image

နည်းပြလောကထဲ ကူးပြောင်းရေးထက် ပြန်ကစားခွင့်ရဖို့ပဲ အာရုံစိုက်ထားတယ်လို့ ဝီလ်ရှီးယား ပြော

4:08 PM, 14 October

အာဆင်နယ်ကြယ်ပွင့်ဟောင်း ဂျက်ဝီလ်ရှီးယားက မိမိအနေနဲ့ ကစားသမားဘဝကနေ အနားယူကာ နည်းပြလောကထဲ ကူးပြောင်းဖို့ အဆင်သင့်မဖြစ်သေးကြောင်း အခိုင်အမာပြောပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိ ဝီလ်ရှီးယားဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ ချန်ပီယံရှစ်ကလပ် ဘုန်းမောက်အသင်းနဲ့ လမ်းခွဲခဲ့ပြီးချိန်ကတည်းက ကလပ်လက်မဲ့ဖြစ်နေပြီး မကြာသေးခင်က အသင်းဟောင်း အာဆင်နယ်မှာ ထရိန်နင်ပြန်ဆင်းနေသလို ပြီးခဲ့တဲ့လကလည်း အကယ်ဒမီအသင်းနည်းပြ မာတီဆက်ကာကို အကူအညီပေးခဲ့ပါတယ်။

ဒါပေမဲ့ ကွင်းလယ်လူ ဝီလ်ရှီးယားကတော့ ကစားသမားဘဝကို အဆုံးသတ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ Skyh Sports သတင်းဌာနကို ပြောပါတယ်။ ''လက်ရှိအချိန်မှာ ကျွန်တော်ဟာ နည်းပြသင်ခန်းစာတွေ လေ့လာနေပြီး အာဆင်နယ်က ကျွန်တော့်ကို ကူညီနေသလို ကျွန်တော်ကလည်း အကယ်ဒမီအသင်းကို အကူအညီပေးနေပါတယ်။ ဒါက ပျော်စရာကောင်းပြီး အနာဂတ်အတွက် အလားအလာကောင်းတွေဖြစ်တာမှန်ပေမယ့် အခုချိန်မှာတော့ ကျွန်တော် ကစားချင်နေဆဲပါပဲ။ ကွင်းထဲမှာ ကစားသမားအဖြစ် ပေးဆပ်နိုင်စွမ်းရှိသေးတယ်လို့ ယုံကြည်ပါတယ်''လို့ ဝီလ်ရှီးယားက ပြောပါတယ်။

ဝီလ်ရှီးယားဟာ အသက် ၁၆နှစ်အရွယ်နဲ့ အာဆင်နယ်အတွက် ပွဲထွက်ရတဲ့အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပြီး အသင်းအတွက် ၁၉၈ ပွဲကစားပေးခဲ့ပေမယ့် နောက်ပိုင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ရကာ ၂၀၁၈ မှာ အသင်းနဲ့လမ်းခွဲခဲ့ပါတယ်။ ဝီလ်ရှီးယားဟာ နွေရာသီက စီးရီးဘီကလပ် ကိုမိုအသင်းမှာ ထရိန်နင်ဆင်းခဲ့ပေမယ့် ကိုမိုအသင်းအနေနဲ့ အီးယူကန့်သတ်ချက်တွေကြောင့် ဝီလ်ရှီးယားကို ခေါ်ယူစာချုပ်ချုပ်ဆိုဖို့ အဆင်မပြေဖြစ်ခဲ့ရပါတယ်။

#အာဆင်နယ် #ဘုန်းမောက်လ် #မာတီဆက်ကာ #ဂျက်ဝီလ်ရှီးယား