ရှေ့သို့
Image

ဟာလန်း အတွက် ဇန်နဝါရီမှာ မန်စီးတီးနဲ့ ဆွေးနွေးသွားမယ့် ရွိုင်းအိုလာ

11:16 AM, 13 October

ဒေါ့မွန်တိုက်စစ်မှူး အာလင်းဟာလန်းရဲ့အေးဂျင့် မီနိုရွိုင်းအိုလာကတော့ သူ့ရဲ့ကစားသမားအတွက် အသင်းသစ် ရှာဖွေနေပြီး မန်ချက်စတာစီးတီးအသင်းနဲ့လည်း ဇန်နဝါရီမှာ ဆွေးနွေးမှုရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။

သတင်းတွေအရတော့ စူပါအေးဂျင့်ကြီးဟာ သူ့ကစားသမားအတွက် အကောင်းဆုံး စာချုပ်ရရှိနိုင်မယ့် အသင်းမျိုးကိုသာ ရှာဖွေနေတာလို့ သိရပါတယ်။  မန်စီးတီးကတော့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ တော့တင်ဟမ်ရဲ့ ဟယ်ရီကိန်းကို ခေါ်ယူနိုင်ခြင်း မရှိခဲ့တဲ့နောက် ဟာလန်းကို ပိုပြီးအာရုံစိုက် ကြိုစားလာခဲ့သော်လည်း ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၆၀ နဲ့ တစ်ပတ်လစာ ပေါင် ၄ သိန်းဆိုတဲ့ မြင့်မားလွန်းတဲ့ ပမာဏကြောင့် လက်တွန့်နေပါတယ်။

ဒါပေမယ့် ဟာလန်းရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၄ သန်းဟာ လာမယ့်နွေရာသီဆိုရင် အသက်ဝင်တော့မှာ ဖြစ်တာကြောင့် ဒေါ့မွန်တိုက်စစ်မှူးကို စိတ်ဝင်စားတဲ့ အသင်းတွေ များပြားလာခဲ့ပါတယ်။ ဟာလန်းကို မန်စီးတီးသို့ ခေါ်ယူနိုင်ဖို့အတွက် စီးတီးနဲ့ဒေါ့မွန်ရဲ့အဓိက စပွန်ဆာ Puma ကိုပါ ကြားဝင်ညှိနှိုင်းပေးဖို့အတွက် စီစဉ်နေပါတယ်။

ဂျာမန်ထိပ်သီးအားကစားအမှတ်တံဆိပ်ကြီးဟာ Nike နဲ့ စာချုပ်ကုန်ဆုံးမယ့် နောက်လေးနှစ်နေရင် ဟာလန်းကို တစ်နှစ်ပေါင်သန်း ၅၀ နဲ့ စပွန်ဆာစာချုပ်ချုပ်ဆိုဖို့အတွက် အသင့်ဖြစ်နေတယ်လို့ ယုံကြည်ရပါတယ်။ ဟာလန်းရဲ့ဖခင် အယ်လ်ဖင်ဟာလန်းကလည်း မန်စီးတီးကစားသမားဟောင်း တစ်ယောက်ဖြစ်ပြီး သူ့သားဟာ နည်းပြပက်ဂွာဒီယိုလာရဲ့ အဓိကနံပါတ် ၉ ကစားသမား ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

၂၀၂၀ အစောပိုင်းက ဆဲလ်ဘတ်ကနေ ဒေါ့မွန်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ၂၁ နှစ်သားဟာ ဥရောပရဲ့အကောင်းဆုံး လူငယ်တိုက်စစ်မှူးတစ်ဦးဖြစ်လာခဲ့ပြီး ပြိုင်ပွဲစုံ ၆၇ ပွဲမှာ သွင်းဂိုး ၆၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ မန်စီးတီးကလည်း အဂူရိုထွက်သွားပြီးကတည်းက ဂါဘရီရယ်ဂျီးဆပ်ကလွဲလို့ နံပါတ် ၉ တိုက်စစ်မှူးစစ်စစ် မရှိဖြစ်နေခဲ့တာပါ။ ဒါပေမယ့် ဟာလန်းကိုခေါ်ယူဖို့အတွက်ဆိုရင်တော့ သေချာပေါက် ကိန်းထက်တောင် ခက်ခဲနိုင်တဲ့အခြေအနေလည်း ရှိနေပါတယ်။

#မန်စီးတီး #ဒေါ့မွန် #အပြောင်းအရွှေ့ #ဟာလန်း #ရွိုင်းအိုလာ