ရှေ့သို့
Image

ကူလီဘာလီကို တစ်ချိန်ချိန်မှာ ရောင်းချရလိမ့်မယ်လို့ နာပိုလီ အသင်းဥက္ကဋ္ဌ ၀န်ခံ

12:33 PM, 18 October

နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်တစ်က မိမိတို့အသင်းအနေနဲ့ တစ်ချိန်ချိန်မှာ နောက်ခံလူ ကူလီဘာလီကို မဖြစ်မနေရောင်းချရမယ့် အရေးနဲ့ ကြုံတွေ့လာရနိုင်ကြောင်း ၀န်ခံသွားပါတယ်။

ဆီနီဂေါလက်ရွေးစင် ကူလီဘာလီဟာ ၂၀၁၄ ခုနှစ်က ဂျန့်အသင်းကနေ ရောက်ရှိလာပြီးချိန်ကတည်းက ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ တစ်ဦးအဖြစ် ခြေစွမ်းပြနေသူဖြစ်ပြီး လက်စတာနောက်ခံလူ မက်ဂွါရီကို ယူနိုက်တက်အသင်း စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ မခေါ်ယူခင် အိုးလ်ထရက်ဖို့ဒ်အခြေစိုက်အသင်းကို ရောက်ရှိဖို့ အတော်လေးနီးစပ်ခဲ့ပါတယ်။

''ကူလီဘာလီရဲ့ကစားပုံကို အရမ်းကြိုက်လို့ သူ့အတွက် ယူရို ၁၀၅သန်းနဲ့ ကမ်းလှမ်းလာမှုကိုတောင် ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကို ထုတ်ရောင်းရမယ့်အချိန်တော့ ရောက်လာမှာပါ''လို့ ဒီလော်ရန်တစ်က ပြောပါတယ်။

ကူလီဘာလီကလည်း သူ့ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ ကောလာဟလသတင်းတွေ အမြဲတမ်းနီးပါးထွက်ပေါ်နေတာက သူ့အတွက် မထူးဆန်းတော့ကြောင်း ပြောကြားခဲ့ပါတယ်။

''ကျွန်တော်ကတော့ ဘာမှမဖြစ်ပါဘူး။ အေးဆေးလည်းဖြစ်နေပါပြီ။ အခုချိန်မှာ ကျွန်တော့်ရဲ့တစ်ခုတည်းသောရည်ရွယ်ချက်ကတော့ နာပိုလီနဲ့အတူ အောင်မြင်မှုတွေရရှိရေးပါ။ ကျန်တာဘာမှဂရုမစိုက်ပါဘူး။ ကျွန်တော်တို့အသင်းရဲ့ရည်မှန်းချက်ကလည်း အီတလီရဲ့အကောင်းဆုံးကလပ်တွေကို အနိုင်ယူနိုင်ရေးဖြစ်ပြီး စီးရီးအေချန်ပီယံဖြစ်ဖို့ပါ''လို့ ကူလီဘာလီက ပြောပါတယ်။

#စီးရီးအေ #ကူလီဘာလေ