ရှေ့သို့
Image

အီတလီအသင်းအတွက် ပွဲဦးထွက် ကစားအပြီးမှာ သူ့ကိုယ်သူ ပီယာလို၊ ဂတ်တူဆိုတို့နဲ့ နှိုင်းယှဉ်လိုက်တဲ့ တိုနာလီ

4:28 PM, 16 October

အီတလီအသင်းရဲ့ လူငယ်ကစားသမားလေး ဆန်ဒရိုတိုနာလီဟာ အီတလီအသင်းအတွက် ပထမဆုံးပွဲထွက်ကစားအပြီးမှာ သူက အီတလီ ဂန္ထဝင်တွေဖြစ်တဲ့ အန်ဒရီယာ ပီယာလိုနဲ့ ဂျန်နာယို ဂတ်တူဆိုတို့ ပေါင်းစပ်ထားတာလို့ ပြောဆိုလိုက်ပါတယ်။ 

တိုနာလီဟာ ယခင်အီတလီအသင်းမှာ အရန်ခုံသာ ထိုင်နေခဲ့ရပေမယ့် အင်္ဂါနေ့က ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် လက်ချင်စတိန်းအသင်းကို ၅-၀ နဲ့ အနိုင်ရရှိတဲ့ပွဲစဉ်မှာတော့ ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်အပြီးမှာတော့ အသက် ၁၉ နှစ်အရွယ် အီတလီသားကို စီရီးအေချန်ပီယံ ဂျူဗင်တပ်စ်၊ မန်ယူနဲ့ ဖီအိုရင်းတီးနားအသင်းတို့က ချိတ်ဆက်မှုတွေ ရှိလာခဲ့ပါတယ်။ 

ပီယာလို၊ ဂတ်တူဆို၊ ဒီရော့စီတို့နဲ့ သူ့ကိုယ်သူ နှိုင်းယှဉ်ပြီးနောက် တိုနာလီက "ဒီလိုချန်ပီယံတွေထဲက တစ်ယောက်ကို ရွေးချယ်ဖို့ကတော့ ခက်ခဲပါတယ်၊ သူတို့အားလုံး ပေါင်းစပ်ထားရင်တော့ ပြီးပြည့်စုံပါလိမ့်မယ်၊ ကျွန်တော်က ပီယာလိုနဲ့ တူညီတယ်လို့ ခံစားရပြီး အဲဒီပွဲစဉ်မှာ ကျွန်တော်က ဂတ်တူဆိုထက် ပိုပြီး စိတ်ဓာတ်ကြံ့ခိုင်စွာ ကစားခဲ့တယ်လို့ ထင်ပါတယ် " လို့ပြောပါတယ်။ 

တိုနာလီဟာ လက်ချင်စတိန်းနဲ့ပွဲစဉ်မှာ ဘာနာဒက်စ်ချီနဲ့ လူစားလဲကာ လက်ရွေးစင်အသင်းအတွက် ၁၆ မိနစ် ပါဝင်ကစားခဲ့ရပြီး ပွဲထွက်ကစားခွင့် ရခဲ့တဲ့အတွက် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်ကို ပြန်လည်ပြောပြခဲ့ပါတယ်။ 

"လက်ရွေးစင်အသင်းအတွက် လူတိုင်းပါဝင် မကစားရတာကြောင့် ကျွန်တော် အရမ်းကို အံ့သြခဲ့ရပါတယ်၊ ကျွန်တော် စက္ကန့် ၃၀ လောက် ပျော်ရွှင်တဲ့ စိတ်ခံစားမှုကို ခံစားခဲ့ရပါတယ်၊ နည်းပြက မင်းတို့အားလုံး ကစားဖို့ အဆင်သင့်ပဲလားလို့ မေးခဲ့ပါတယ်၊ အဲ့ချိန်မှာ ကျွန်တော် အတွေးတစ်ခု ပေါ်လာခဲ့ပြီး အသင်းလူစာရင်းရဲ့ ကစားသမားတိုင်းက ကျွန်တော့်လိုပဲ တစ်ဖက်အသင်းကို ဖိအားပေးဖို့ အကောင်းဆုံး ကူညီနိုင်လိမ့်မယ်လို့ တွေးမိခဲ့ပါတယ်၊ ဒီအတွေးကပဲ ကွင်းထဲမှာ ဝင်ရောက်ကစားဖို့ လွယ်ကူချောမွေ့စေခဲ့တာပါ"လို့ ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။ 

#အီတလီ #လက်ချင်စတိန်း #ယူရို၂၀၂၀ ခြေစစ်ပွဲ #တိုနာလီ