ရှေ့သို့
Image

သားသမီးတွေနဲ့ပဲ ကိုယ်ပိုင်ဘောလုံးအသင်း ထောင်လို့ရလောက်ပြီဖြစ်တဲ့ မာရာဒိုနာ

2:47 PM, 16 October

အသက် ၂၃ နှစ်အရွယ်ရှိ အာဂျင်တီးနား အမျိုးသမီးတစ်ဦးက သူကလည်း အာဂျင်တီးနား အသင်းခေါင်းဆောင်ဟောင်း ဒီယေဂိုမာရာဒိုနာရဲ့သမီးဖြစ်တယ်လို့ ဖွင့်ဟခဲ့ပြီးနောက် အဲဒီအာဂျင်တီးနား ဂန္ထ၀င်ကြီးလည်း သူ့သားသမီးတွေနဲ့ပဲ ကိုယ်ပိုင်ဘောလုံး အသင်းတစ်သင်း တည်ထောင်လို့ရနေပြီဖြစ်ကြောင်း မီဒီယာတွေက ရေးသားနေကြပါတယ်။ အသက် ၅၈ နှစ်အရွယ်ရှိ မာရာဒိုနာမှာ ယခင်ကတည်းက သား ၂ ယောက်၊ သမီး ၃ ယောက်ရှိထားပြီးဖြစ်ကာ မတူညီတဲ့ အမျိုးသမီး ၄ ဦးကနေ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီအမျိုးသမီး ၄ ဦးထဲမှာ ဇနီးသည်ဟောင်း ကလော်ဒီယာဗီလာဖန်းနဲ့ ကာလရှည် လက်တွဲခဲ့ဖူးတဲ့ အတူနေချစ်သူဟောင်း ဗီရိုနီကာအိုဂျီဒါတို့လည်း ပါဝင်ပါတယ်။ ဗီလာဖန်းက မွေးဖွားခဲ့တဲ့ မာရာဒိုနာရဲ့သမီး ၂ ဦးအနက် တစ်ဦးဖြစ်ပြီး စီးတီးတိုက်စစ်မှူး ဆာဂျီယိုအဂူရိုနဲ့ လက်ထပ်ခဲ့ဖူးတဲ့ ဂီယန်နီနာ မာရာဒိုနာက ကျူးဘားမှာ မာရာဒိုနာရဲ့ကလေး ၃ ယောက် လူသိရှင်ကြား ဖြစ်လာပြီးနောက် ယခုနှစ်အစောပိုင်းက အဲဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ နောက်ပြောင်ခဲ့ဖူးပါတယ်။ ''ဘောလုံးအသင်း တစ်သင်းဖြစ်ဖို့ ၃ ယောက်ပဲ လိုတော့တယ်ဟေ့...အဖေ လုပ်နိုင်ပါတယ်''လို့ နောက်ပြောင်ခဲ့ပါတယ်။

အခုလည်း ပြီးခဲ့တဲ့အင်္ဂါနေ့က မာဂါလီလို့ ခေါ်တဲ့အသက် ၂၃ နှစ်အရွယ် အမျိုးသမီးကလည်း သူဟာ မာရာဒိုနာရဲ့သမီးအရင်းဖြစ်ကြောင်း ဖွင့်ဟလာပါတယ်။ နာမည်ကျော် အာဂျင်တီးနား တီဗွီပရိုဂရမ်ဖြစ်တဲ့ အင်ထရူဆိုကနေ မာဂါလီက သူလည်း နာပိုလီဂန္ထ၀င် ကစားသမားကြီး မာရာဒိုနာရဲ့သမီးဖြစ်ကြောင်း၊ အခုဆိုရင် မာရာဒိုနာက အဖိုးတောင်ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

သတင်းတွေရဲ့ဖော်ပြချက်အရ မာဂါလီဟာ သွေးစစ်ချက်ကနေ မာရာဒိုနာရဲ့သမီးဖြစ်ကြောင်း အတည်ဖြစ်စေဖို့ ပြီးခဲ့တဲ့ဧပြီလက တရားရေးဆိုင်ရာ လမ်းကြောင်းအတိုင်း သွားလို့ရအောင် ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လကလည်း လက်ရှိမာရာဒိုနာ နည်းပြအဖြစ် တာဝန်ယူနေတဲ့ အက်စ်ဂရင်မာအသင်း အခြေစိုက်ရာ လာပလာတာမြို့မှာ နေထိုင်တဲ့ ဆန်တီယာဂိုလာရာကလည်း သူဟာ မာရာဒိုနာရဲ့သားဖြစ်ကြောင်း အသိအမှတ်ပြုခံရဖို့ တီဗွီအစီအစဉ်ကနေ တောင်းဆိုသွားပါတယ်။ သူ့ရဲ့မိခင်ဖြစ်သူ စားပွဲထိုးမယ် နာတာလီယာဂါရတ်ဟာ အသက် ၂၃ နှစ်အရွယ်မှာပဲ အဆုတ်ကင်ဆာကြောင့် ကွယ်လွန်ခဲ့ရပြီး လာရာလည်း ဂါရတ်ရဲ့အတူနေ ချစ်သူဟောင်း မာဆယ်လိုလာရာရဲ့အုပ်ထိန်းမှုအောက်ကနေ ကြီးပြင်းလာတာ ဖြစ်ပါတယ်။

မာရာဒိုနာရဲ့ရှေ့နေဖြစ်သူ မာသီးယပ်စ်မော်လာက တကယ်လို့ သွေးစစ်ဆေးချက်တွေအရ ဆန်တီယာဂိုလာရာသာ သူ့သားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ရင် မာရာဒိုနာဘက်ကလည်း ဖခင်တစ်ယောက်ရဲ့တာဝန်ယူမှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

#မာရာဒိုနာ