ရှေ့သို့
Image

ဘူလ်ဂေးရီးယား ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ နှုတ်ထွက်သွားခဲ့ပြီးနောက် အဖွဲ့ချုပ်ရုံးကို ရဲတွေဝင်စီးခဲ့

10:35 AM, 16 October

ဘူလ်ဂေးရီးယား ဘောလုံးအဖွဲချုပ် ဥက္ကဌ ဘိုရီစလက်ဗ် မီခိုင်လော့ဗ်ဟာ အင်္ဂလန်နဲ့ ပွဲစဉ်မှာ ပရိသတ်တွေ လူမျိုးရေးခွဲခြားမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ရာထူးကနေ နှုတ်ထွက်သွားခဲ့သလို အဖွဲ့ချုပ်ရုံးကိုလည်း ရဲတွေက ဝင်စီးခဲ့ပါတယ်။

ယမန်နေ့ညက ဘူလ်ဂေးရီးယား ဝန်ကြီးချုပ် ဘိုကို ဘိုရီဆော့ဗ်ဟာ အင်္ဂလန်အသင်းသားတွေ လူမျိုးရေးခွဲခြားခံခဲ့ရပြီးနောက် ဘောလုံးအဖွဲ့ချုပ်ဥက္ကဌကို ရာထူးမှ နှုတ်ထွက်ဖို့ အမိန့်ပေးခဲ့ပါတယ်။

အခုတော့ ပြိုင်ဘက် ကစားသမားတွေကို အော်ဟစ် လူမျိုးရေးခွဲခြားခြင်းကို ခွင့်ပြုခဲ့တဲ့ မီခိုင်လော့ဗ်လည်း နှုတ်ထွက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဘူလ်ဂေးရီးယား ဘောလုံးအဖွဲ့ချု့ပ်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာတော့ "ဥက္ကဌရာထူးအဖြစ် နှစ်တွေအများကြီး ထမ်းဆောင်ခဲ့ပြီးနောက် မီခိုင်လော့ဗ်ဟာ ဘောလုံးလောကကို ကူညီဖို့  အသင့်ရှိနေပါသေးတယ်"လို့ ပါရှိပါတယ်။

မီခိုင်လော့ဗ် ရာထူးက ထွက်ခွာသွားပြီး ၁နာရီအကြာမှာပဲ အဖွဲ့ချုပ်ရုံးကို ရဲတွေက ဝင်စီးခဲ့ပါတယ်။

ယနေ့မနက် အစောပိုင်းမှာပဲ ဘူလ်ဂေးရီးယား အားကစားဝန်ကြီး ခရာဆန် ခရာလက်ဗ်က မီခိုင်လော့ဗ် မထွက်မချင်း နိုင်ငံအသင်း နည်းပြတွေနဲ့ အဆက်အသွယ်ဖြတ်ထားမယ်လို့ ဝန်ကြီးချုပ်က ပြောခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

ခရာလက်ဗ်က "သိပ်မကြာခင်မှာပဲ ဝန်ကြီးချုပ်က ကျွန်တော့်ကို အရေးတစ်ကြီး ခေါ်ခဲ့ပါတယ်။ ဘူလ်ဂေးရီးယား ဘောလုံးလောက တိုးတက်လာဖို့ အစိုးရက ၄နှစ်လုံးလုံး အစွမ်းကုန် ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ အခုလို အဖြစ်အပျက်တွေ ပြီးခဲ့တဲ့နောက် ဝန်ကြီးချုပ်က ကျွန်တော့်ကို မီခိုင်လော့ဗ် မနှုတ်ထွက်မချင်း ဘောလုံးလောကကို ထောက်ပံ့မှုတွေ ရပ်ထားဖို့ အမိန့်ပေးခဲ့ပါတယ်"လို့ ပြောခဲ့ပါတယ်။

ဘိုရီဆော့ဗ်ရဲ့ လျင်မြန်တဲ့ ဖြေရှင်းပုံကို အင်္ဂလန်စတား စတာလင်က တွစ်တာမှာ ချီးကျူးခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ဘူလ်ဂေးရီးယားနဲ့ပွဲစဉ်မှာ လူမျိုးရေးခွဲခြားမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ပွဲကို ၂ကြိမ်တိုင် ရပ်နားခဲ့ရပါတယ်။

#ဘူဂေးရီးယား #ဘိုရီစလက်ဗ် မီခိုင်လော့ဗ်