ရှေ့သို့
Image

လူမျိုးရေးခွဲခြားမှုတွေကို အကောင်းဆုံး တုံ့ပြန်ပြခဲ့တဲ့ ဆောက်ဂိတ်ရဲ့ စွမ်းဆောင်ရည်ကို ဂယ်ရီလိုင်နီကာချီးကျူး

12:52 PM, 15 October

ယမန်နေ့ညက ဘူလ်ဂေးရီးယားနဲ့ပွဲစဉ်မှာ ပရိတ်သတ်တွေရဲ့ လူမျိုးရေးခွဲခြားမှုတွေကို အကောင်းဆုံး ထိန်းသိမ်းနိုင်ခဲ့တဲ့ နည်းပြ ဆောက်ဂိတ်ရဲ့ စွမ်းဆောင်ရည်ကို ဂယ်ရီလိုင်နီကာက ချီးကျူးခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ဘူလ်ဂေးရီယားကို ၆ဂိုးပြတ် အနိုင်ယူခဲ့ပေမဲ့ ပြိုင်ဘက်ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားအော်ဟစ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အဆိုပါ အဖြစ်အပျက်တွေကြောင့် ကွင်းလယ်ဒိုင်က ပွဲကို ၂ကြိမ်တိုင်ရပ်နားခဲ့ရပြီး ယူအီးအက်ဖ်အေ စည်းမျဉ်းတွေအရ ပွဲကို အပြီးသတ် ရပ်နားရမယ့်အထိ ဖြစ်ခဲ့ပါတယ်။ စတာလင်၊ ဆန်ချိုတို့အပေါ် မျောက်တွေနဲ့ နှိုင်းယှဉ်ကာ လူမျိုးရေးခွဲခြားမှုတွေ ဖြစ်ပေါ်ခဲ့ပေမဲ့ ပွဲကိုတော့ ဆက်လက်ကစားခဲ့ပါတယ်။

နည်းပြ ဆောက်ဂိတ်အနေနဲ့ သူကြားနေတဲ့အသံမှန်သမျှကို စတုတ္ထဒိုင်ထံ သတင်းပေးပို့မှုတွေ အမြဲပြုလုပ်ကာ တုံ့ပြန်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဆောက်ဂိတ်ရဲ့ လုပ်ဆောင်ချက်တွေကို အင်္ဂလန် ဂန္တ၀င် လိုင်နီကာက ချီးကျူးသွားခဲ့ပါတယ်။

လိုင်နီကာက "ဆောက်ဂိတ်ကတော့ အခြေအနေတွေကို အကောင်းဆုံး ဆင်ခြင်သုံးသပ်ပြီးတဲ့ အသိပညာနဲ့ ပြည့်ဝတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်ဆိုတာကို သက်သေပြခဲ့ပြီးပါပြီ။ ကျွန်တော်တို့ ဒီလို လူငယ်အသင်းကို ကိုင်တွယ်ဖို့ မှန်ကန်တဲ့ နည်းပြကို ခန့်အပ်နိုင်ခဲ့တာပါ"

လို့ တွစ်တာမှာ ချီးကျူးခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အက်ဖ်အေက အဆိုပါ လူမျိုးရေးခွဲခြားမှုတွေအပေါ် ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။


အဆိုပါ  ထုတ်ပြန်ချက်မှာတော့

"ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် ဘူလ်ဂေးရီးယားနဲ့ပွဲစဉ်မှာ အင်္ဂလန်ကစားသမားတွေ လူမျိုးရေးခွဲခြားခံခဲ့ရတယ်ဆိုတာ အက်ဖ်အေက အတည်ပြုနိုင်ပါတယ်။ ဒီလို အဖြစ်အပျက်က ဘယ်အဆင့်အတန်းမှာ ယှဉ်ပြိုင်တဲ့ ပွဲစဉ်ဖြစ်ဖြစ် လက်ခံနိုင်စရာ မရှိပါဘူး။ အသင်းသာတွေနဲ့ ၀န်ထမ်းတွေကို ကျွန်တော်တို့ ထောက်ခံအားပေးသွားမှာပါ။


အခုလို လူမျိုးရေးခွဲခြားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာက အသင်းသားတွေအတွက် ပထမဆုံးအကြိမ်မဟုတ်သလို လူမှုအဖွဲ့အစည်းမှာ ဒီလိုလူတွေအတွက် နေရာမရှိပါဘူး။ ဒီအဖြစ်အပျက်အတွက် စစ်ဆေးပေးဖို့ ယူအီးအက်ဖ်အေကို တောင်းဆိုသွားမှာ ဖြစ်ပါတယ်"

လို့ ပါရှိခဲ့ပါတယ်။




#ယူရို၂၀၂၀ ခြေစစ်ပွဲ #လိုင်နီကာ