ရှေ့သို့
Image

လူမျိုးရေးမခွဲခြားဖို့ တောင်းဆိုခဲ့တဲ့ ဘူလ်ဂေးရီးယားအသင်းခေါင်းဆောင်ရဲ့လုပ်ရပ်ကို ရက်ရှ်ဖို့ဒ်ချီးကျူး

12:44 PM, 15 October

အင်္ဂလန်အသင်းတိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်က ဘူလ်ဂေးရီးယားကို အနိုင်ရရှိခဲ့တဲ့ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ လူမျိုးရေးခွဲခြားမှုများဖြစ်ပွားခဲ့ပြီးနောက် အိမ်ရှင်ပရိသတ်တွေကို ဆက်လက်မလုပ်ဖို့ တောင်းဆိုခဲ့တဲ့ဘူလ်ဂေးရီးယားအသင်းခေါင်းဆောင် ပိုပေါ့ဗ်ရဲ့စိတ်ထားကို အသိအမှတ်ပြုချီးကျူးသွားပါတယ်။


ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ပွဲချိန် ၇၆ မိနစ်အထိ ကစားခွင့်ရရှိခဲ့ပြီး ၀-၆ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့အဲဒီပွဲမှာ ဦးဆောင်ဂိုးပါသွင်းယူနိုင်ခဲ့ပေမယ့် အဲဒီပွဲကတော့ အိမ်ရှင်ပရိသတ်တွေရဲ့လူမျိုးရေးခွဲခြားမှုတွေကြောင့် ဘူလ်ဂေးရီးယားအသင်းအတွက် မျက်နှာပျက်စရာဖြစ်ခဲ့ပါတယ်။


အိမ်ရှင်ပရိသတ်တွေက အင်္ဂလန်ကစားသမားတွေကို လူမျိုးရေးခွဲခြားခဲ့လို့ ပထမပိုင်းမှာပဲ ပွဲကို ၂ကြိမ်အထိ ခေတ္တရပ်နားခဲ့ရပြီး အမည်းရောင်ခေါင်းဆောင်းတွေနဲ့ မျက်နှာအုပ်ထားတဲ့ ပရိသတ်အဖွဲ့ကလည်း ကွင်းထဲကို ဦးတည်ကာ လက်ခလယ်တွေထောင်ပြသလို နာဇီပုံစံအလေးပြုခဲ့ကြပါတယ်။


ပထမပိုင်းအပြီးမှာ အင်္ဂလန်နည်းပြဆောက်ဂိတ်က အဲဒီကိစ္စနဲ့ပတ်သက်လို့ ပွဲတာဝန်ရှိသူတွေကို ဆက်လက်ထောက်ပြခဲ့သလို ပိုပေါ့ဗ်ကလည်း ကွင်းဘေးသွားကာ ပရိသတ်တွေနဲ့ စကားပြောခဲ့ပါတယ်။



ရက်ရှ်ဖို့ဒ်က ပိုပေါ့ဗ်ရဲ့လုပ်ဆောင်ချက်ကို ချီးကျူးခဲ့ပေမယ့် ယခုနှစ်မှာလည်း လူမျိုးရေးခွဲခြားမှုတွေ ဆက်လက်ဖြစ်ပေါ်နေတာနဲ့ပတ်သက်လို့ မယုံနိုင်ဖြစ်နေဆဲဖြစ်ကြောင်း ဆိုပါတယ်။ ''၂၀၁၉ ခုနှစ်အတွင်း မရှိသင့်တဲ့အနေအထားမှာ ကစားရတာက မလွယ်ပါဘူး။


အင်္ဂလန်အသင်းပရိသတ်တွေရဲ့အားပေးမှုကို ကျေးဇူးတင်ပါတယ်။ အန္တရာယ်ကင်းတဲ့ခရီးလေးဖြစ်ပါစေ။ ပြီးတော့ ပထမပိုင်းအပြီး ဘူလ်ဂေးရီးယားအသင်းခေါင်းဆောင်ရဲ့လုပ်ရပ်ကိုလည်း ချီးကျူးလိုပါတယ်။ သူက တစ်ယောက်တည်းသွားပြီး ပရိသတ်တွေကို တောင်းဆိုခဲ့တာပါ။ သူ့လိုအပြုအမူမျိုးကိုလည်း အားလုံး သတိပြုသင့်ပါတယ်''

လို့ ရက်ရှ်ဖို့ဒ်က ပြောကြားခဲ့ပါတယ်။


အင်္ဂလန်အသင်းဟာ အဲဒီပွဲမှာ ၆ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် တစ်ဘက်မှာလည်း ကိုဆိုဗိုက မွန်တီနီဂရိုးကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့လို့ ယူရို ၂၀၂၀ ခြေစစ်ပွဲမအောင်မြင်သေးပါဘူး။ အင်္ဂလန်ဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် မွန်တီနီဂရိုးကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်သလို နောက်ဆုံးပွဲအဖြစ် ကိုဆိုဗိုနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။



#ဘူဂေးရီးယား #ယူရို၂၀၂၀ ခြေစစ်ပွဲ