ရှေ့သို့
Image

နေမာဒဏ်ရာရခဲ့သလို နိုင်ဂျီးရီးယားကိုသရေကျအောင် မနည်းကန်ခဲ့ရပြီး ပုံစံကောင်းပြသဖို့ ရုန်းကန်နေရဆဲဖြစ်တဲ့ ဘရာဇီး

9:23 PM, 13 October

ဘရာဇီး ၁ - ၁ နိုင်ဂျီးရီးယား (ပွဲပြီးရလဒ်) (ချစ်ကြည်ရေးပွဲစဉ်)

ပြီးခဲ့တဲ့ ဆီနီဂေါနဲ့ပွဲမှာ ရလဒ်ကောင်းမရခဲ့တဲ့ ဘရာဇီးဟာ စင်ကာပူမှာပဲ နိုင်ဂျီးရီးယားအသင်းနဲ့ထပ်မံခြေစမ်းရာမှာလည်း နောက်ကနေလိုက်ကစားပြီး တစ်ဖက် ၁-၁ဂိုးစီနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ဘရာဇီးနည်းပြတီတီဟာ ဆီနီဂေါပွဲကလူစာရင်းကိုသိပ်အပြောင်းအလဲမလုပ်ခဲ့ဘဲ တိုက်စစ်မှာ နေမာ၊ကော်တင်ဟို၊ ဂျီးဆပ်စ်၊ ဖာမီနို၊ အဲဗာတန် စတဲ့ တိုက်စစ် ကစားသမားအများအပြားပွဲထုတ်လာခဲ့ပါတယ်။ နိုင်ဂျီးရီးယားဘက်မှာလည်းအီယိုဘီ၊ အမ်ဒီဒီ၊ အိုဆင်ဟမ်၊ ချူဝူဇီ စတဲ့ အဓိကကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။ 

နည်းပြတီတီအနေနဲ့  ခြေစမ်းပွဲတွေမှာနည်းစနစ်သစ်ကိုပြောင်းလဲသုံးစွဲနေပုံရပြီး အထူးသဖြင့် ဂျီးဆပ်စ်ကို ဘယ်ဝန်း ဖာမီနိုကိုနောက်ချန်၊ နေမာကို အထောင်တိုက်စစ်၊ အဲဗာတန်ကို ဘယ်ဝန်းမှာ ထားကစားတဲ့သူ့ရဲ့နည်းဗျူဟာက တိုက်စစ်ကစားသမားတွေ ပုံနေသလို ဖြစ်နေပြီး နေရာချင်းလဲထပ်နေသလို ဖြစ်နေပါတယ်။ ဒါအပြင် ဖာမီနို ၊ ဂျီးဆပ်စ်တို့နှစ်ယောက်တွဲဟာ ဘယ်လိုမှ တွဲဖက်လို့  မရသေးဘဲ ဆီနီဂေါနဲ့ပွဲရယ် ယခုပွဲမှာ ရုန်းကန်နေရဆဲဆိုတာ အထင်းသားတွေ့ မြင်ခဲ့ရပါတယ်။ 

ဒါတင်မကဘဲ ပွဲအစ  ၁၂မိနစ်မှာတင် နေမာ ဘယ်ဘက်ခြေထောက်မှာဒဏ်ရာရသွားခဲ့လို့  ကော်တင်ဟိုနဲ့လူစားလဲလိုက်ရပြီး ဖာမီနိုက အထောင်တိုက်စစ် ပြန်ဖြစ်သွားပါတယ်။ ပွဲအစ ၃မိနစ်မှာ ဖာမီနိုအခွင့်အရေးတစ်ကြိမ်ရပြီး ပင်နယ်တီဧရိယာထဲမှာဘောလုံးကိုရင်ဘတ်နဲ့ထိန်းကာ နောက်ပြန်ကန်ချက်က ဂိုးပေါက်နဲ့ အနည်းငယ်ကပ် လွဲခဲ့ပါတယ်။

နိုင်ဂျီးရီးယားဘက်ကလည်း ဂိုးကန်သွင်းခွင့်ရပြီး ၆မိနစ်မှာ အီဝိုဘီရဲ့ မတင်ပေးမှုကို အိုဆင်ဟမ် ခြေထောက်နဲ့တေ့ပြီးထောင့်ဖြတ် ကန်သွင်းချက် ဂိုးသမားအီဒါဆန် လက်စွမ်းပြပုတ်ထုတ်လိုက်ရပါတယ်။ ပွဲချိန် ၃၅မိနစ်မှာတော့ နိုင်ဂျီးရီးယားအသင်းဂိုးစရပြီး အိုဆင်ဟမ်ရဲ့ ဖန်တီးပေးမှုကနေအရီဘိုကပင်နယ်တီဧရိယာအတွင်းလျင်လျင်မြန်မြန် ဘောလုံးပြေးဆွဲပြီးအနီးကပ် အီဒါဆင်ရဲ့ ဘယ်ဘက်ထောင့်ထဲကိုကန်ထည့်သွားပါတယ်။ ဒီဂိုးကို ကြည့်ရင် ဘရာဇီးနောက်တန်းကစားသမားတွေဖြစ်တဲ့ မာကွင်ဟို၊ သီယာဂိုဆေးလ်ဗားတို့ အထနှေးနေခဲ့ပြီး ဖြတ်ထုတ်မှု မလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဦးဆောင်ဂိုးပေးလိုက်ရပြီး ဘရာဇီးအသည်းအသန် ပြန်လည် တိုက်စစ်ဆင်ကစားခဲ့ပြီး ၄၄မိနစ်တွင် ကက်စမဲရိုးကြောင့် ရတဲ့ ဂိုးဧရိယာထိပ်နားကဖရီးကစ်ကိုကော်တင်ဟို ဝေ့၀ိုက်ကန်သွင်းခဲ့ပေမယ့် ဂိုးတိုင်ဘေးနားအနည်းငယ် ထွက်သွားလို့ ချေပဂိုးရဖို့ ဝေးခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ စစချင်းဘဲကစားအားတင်လာတဲ့ ဘရာဇီးအသင်းချေပဂိုး ပြန်ရခဲ့ပြီးမာကွင်ဟိုရဲ့ ခေါင်းတိုက်ချက် ဂိုးတိုင်ထိထွက်လာတာကိုကွင်းလယ်လူကက်စမဲရိုးအပိုင်ပိတ်သွင်းကာဂိုးရခဲ့ပါတယ်။

၅၆မိနစ်မှာလည်း ဘရာဇီးအသင်းအနိုင်ဂိုးရဖို့ နီးစပ်ခဲ့ပြီး ကော်တင်ဟိုရဲ့ ဖန်တီးပေးမှုကနေဂျီးဆပ်စ် အပိုင်ခေါင်းတိုက်ခဲ့ပေမယ့် ဂိုးသမားအူဇိုဟိုလက်စွမ်းပြပုတ်ထုတ်သွားခဲ့ပါတယ်။အဲဒီနောက် ဘရာဇီးအသင်းဆက်တိုက်ဖိကစားခဲ့ပြီး မိနစ်၆၀မှာ ကော်တင်ဟိုရဲ့ထောင်ကန်ဘောကနေတစ်ဆင့် ကွင်းလယ်လူကက်စမဲရိုး  ၆ကိုက်အကွာကနေ အနီးကပ် ခေါင်းတိုက်ချက်ဟာတိုင်ထိထွက်ခဲ့တာပါ။

ကက်စမဲရိုးရဲ့ခေါင်းတိုက်ချက်မှာ နိုင်ဂျီးရီးယားဂိုးသမားအူဇိုဟို ကာကွယ်ရင်း လက်မှာဒဏ်ရာရသွားတာကြောင့် အိုကိုယီနဲ့  လစားလဲလိုက်ရပါတယ်။ ထိုနောက် ၇၂မိနစ်တွင် လူစားဝင်ကစားသမား ရစ်ချာလီဆင် ညာဝန်းတစ်လျှောက် ဆွဲပြေးလာတဲ့ ဘာဘိုဆာရဲ့အနိမ့်ဘောပေးမှုကို အပိုင်ပိတ်သွင်းခဲပေ့မယ့် အံ့သြဖွယ် ဂိုးပေါက်မတည်ခဲ့ပါဘူး။

အဲဒီနောက်ပိုင်းဘရာဇီးရောနိုင်ဂျီးရီးယားရောရေရေရာရာဂိုးပေါက်ကန်သွင်းခွင့် မရတော့ဘဲပွဲအပြီးမှာတစ်ဖက် ၁ဂိုးစီ သရေကျခဲ့ပြီး ဘရာဇီးအသင်းအဆုံးသတ်အားနည်းချက်တွေနဲ့အတူ ၂ပွဲဆက် သရေကျခဲ့ပါတယ်။။

ဘရာဇီးအသင်းအတွက် ပါဝင်ကစားကြသူများ - အီဒါဆင်၊ ဒန်နီအဲဗက်စ်၊ သီယာဂိုဆေးလ်ဗား၊ ကက်စမဲရိုး၊ နေမာ၊ ဖာမီနို၊ မာကွင်ဟို၊ အာသာ၊ အဲဗာတန်၊ ဂျီးဆပ်စ်၊ လိုဒီ

နိုင်ဂျီးရီးယားအသင်းအတွက် ပါဝင်ကစားကြသူများ - အူဇိုဟို၊ အီကောင်၊ အီယိုဘီ၊ အဂျာယီ၊ ကော်လင်းစ်၊ ဆိုင်မွန်၊ အမ်ဒီဒီ၊ အရီဘို၊အ၀ါဇီယမ်၊ ချူဝူဇီ၊ အိုဆင်ဟမ်

#ဖာမီနို #ဂျီးဆပ်စ်