ရှေ့သို့
Image

ရော်နယ်ဒိုလိုစိတ်ဓာတ်သန်မာမှုမျိုး ဒီလစ်ဂ်ျလည်း ပိုင်ဆိုင်ထားကြောင်း ဗန်ဒါဆား ထုတ်ဖော်

6:08 PM, 12 October

အေဂျက်စ်အသင်းစီအီးအို ဗန်ဒါဆားက နယ်သာလန်နောက်ခံလူ ဒီလစ်ဂ်ျကို ဂျူဗင်တပ်စ်အသင်းဖော် ရော်နယ်ဒိုနဲ့ နှိုင်းယှဉ်မှုတွေပြုလုပ်သွားခဲ့ပြီး ဒီလစ်ဂ်ျအနေနဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာဖို့ ရော်နယ်ဒိုရဲ့စိတ်ဓာတ်သန်မာမှုမျိုး ပိုင်ဆိုင်ထားကြောင်း ဆိုပါတယ်။ အသက် ၂၀အရွယ်ရှိ ဒီလစ်ဂ်ျဟာ ပြီးခဲ့တဲ့ရာသီက လူငယ်အများစုနဲ့ဖွဲ့စည်းထားတဲ့အေဂျက်စ်အသင်းကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အထိ တက်ရောက်စေနိုင်ဖို့ ဦးဆောင်နိုင်ခဲ့ပြီးနောက် နွေရာသီမှာ ဂျူဗင်တပ်စ်အသင်းထံ ပြောင်းရွှေ့ကြေးမြင့်မားစွာနဲ့ ရောက်ရှိသွားခဲ့ပါတယ်။

ဒါပေမဲ့ ဒီလစ်ဂ်ျဟာ ဂျူဗင်တပ်စ်မှာ အထိုင်ကျဖို့ ရုန်းကန်နေရသလို ကြာသပတေးနေ့က မြောက်အိုင်ယာလန်ကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ယူရိုခြေစစ်ပွဲမှာလည်း ပေးလိုက်ရတဲ့ဦးဆောင်ဂိုးက သူ့အမှားမကင်းခဲ့ပါဘူး။ ဒါပေမဲ့ ဗန်ဒါဆားကတော့ ဒီလစ်ဂ်ျရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ စိုးရိမ်ခြင်းမရှိကြောင်း ဆိုပါတယ်။

''သူဟာ အေဂျက်စ်မှာပဲ တစ်ဘ၀လုံးကစားခဲ့တာပါ။ ဒီတော့ ကိုယ့်ချစ်သူ၊ ကိုယ့်မိသားစုဝင်တွေနဲ့အဝေးမှာ နေရတဲ့အချိန်၊ ပြီးတော့ ကိုယ့်အတွက် နယ်မြေသစ်ဖြစ်တဲ့အချိန်မှာ အထိုင်ကျဖို့အတွက် အချိန်တစ်ခုတော့ပေးရတာပါပဲ။ သူ့ရဲ့စိတ်ဓာတ်ကလည်း အမြဲတမ်းတိုးတက်ဖို့ ကြိုးစားနေတာဖြစ်ပြီး ရော်နယ်ဒိုနဲ့အတူတူပါပဲ။ ဒီလိုစိတ်ဓာတ်သန်မာမှုမျိုးက ရှားပါတယ်''လို့ ဗန်ဒါဆားက ပြောပါတယ်။

နယ်သာလန်အသင်းကတော့ အနီးကပ်ဆုံးပြိုင်ဘက်ကို ဂိုးပြတ်အနိုင်ရခဲ့လို့ အုပ်စု C ရဲ့ထိပ်ဆုံးကို တက်ရောက်နိုင်ခဲ့ပြီး တနင်္ဂနွေနေ့မှာ ဘီလာရုစ်နဲ့ အဝေးကွင်းပွဲဆက်ကစားရမှာဖြစ်ပါတယ်။

#စီးရီးအေ #ဒီလစ်ဂ်ျ #ဗန်ဒါဆား