ရှေ့သို့
Image

ဝင်းဂါးထက် ပိုချက်တီနိုက ယူနိုက်တက်နည်းပြ ဖြစ်သင့်တယ်လို့ ဆိုလိုက်တဲ့ လီရှပ်

4:49 PM, 4 October

ယူနိုက်တက်အသင်းနည်းပြ ရာထူးနေရာအတွက် အာစင်ဝင်းဂါးထက် ပိုချက်တီနိုက ပိုပြီးသင့်တော်တယ်လို့ အသင်းကစားသမားဟောင်း လီရှပ်က ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်အသင်း တာဝန်ရှိသူတွေကတော့ လာမယ့်အနာဂတ်မှာ နည်းပြသစ် အစားထိုးဖို့အတွက် ရှာဖွေဖွယ် ရှိနေပါတယ်။

လက်ရှိယူနိုက်တက်အသင်းနဲ့ နည်းပြ ဆိုးလ်ရှားတို့ကြား ၃ နှစ်စာချုပ် ချုပ်ဆိုထားခဲ့ပြီး ဒီရာသီသစ်မှာတော့ ပုံစံကောင်းတွေ ပြသဖို့အတွက် ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။

ယူနိုက်တက် အသင်းနဲ့အတူ ဖလား ၃ လုံး ရယူထားနိုင်တဲ့ လီရှပ် ကတော့ လက်ရှိအသင်းရဲ့အခြေအနေဟာ တော်တော်လေး ဆိုးဝါးနေပြီး နည်းပြသစ်အဖြစ် ခန့်အပ်ချင်ပါက စပါးနည်းပြ ပိုချက်တီနိုကသာ ယူနိုက်တက် အတွက် သင့်လျော်တယ်လို့ ဆိုပါတယ်။

“ကျွန်တော့်အထင် လက်ရှိယူနိုက်တက် လိုအပ်နေတာက ပိုချက်တီနိုလို နည်းပြမျိုးပါ။  တကယ်လို့ နည်းပြ အပြောင်းအလဲ လုပ်ချင်တယ်ဆိုရင် ယူနိုက်တက်အနေနဲ့ စပါးနည်းပြ ပိုချက်တီနိုကို ခေါ်ယူသင့်ပါတယ်။ အခုဆို သူက စပါးမှာ မပျော်ရွှင်တော့ပါဘူး”လို့ ရှပ်က ပြောပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရလည်း ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှား နေရာအတွက် နည်းပြသစ် တစ်ဦး ရှာဖွေနေပြီး  စပါးအသင်းနည်းပြ ပိုချက်တီနိုကတော့ နည်းပြသစ်ဖြစ်လာဖို့ ထိပ်ဆုံးက ရေပန်းစား နေပါတယ်။

ထို့အပြင် အာဆင်နယ်အသင်း နည်းပြဟောင်း အာစင်ဝင်းဂါးကလည်း ယူနိုက်တက်အသင်း နည်းပြရာထူးအတွက် ရေပန်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးကတော့ လန်ဒန်ကလပ်အသင်းမှာ ၂၂ နှစ်တာ ကိုင်တွယ်ခဲ့ပြီး မကြာသေးခင်ကမှ အသင်းကနေ အနားယူခဲ့တာ ဖြစ်ပါတယ်။

“သူ (အာစင်ဝင်းဂါး) က နည်းပြကောင်းတစ်ဦးပါ။ ဒါပေမယ့် သူကတော့ ယူနိုက်တက်အသင်း နည်းပြ ရာထူးအတွက် အဆင်မပြေလောက်ဘူး ထင်ပါတယ်။ အာဆင်နယ်အသင်းနဲ့သာ သူက အံကိုက် ဖြစ်ပါတယ်”လို့  လီရှပ်က ပြောပါတယ်။

“ကျွန်တော်ကတော့ ယူနိုက်တက်အသင်းတိုက်စစ်မှူး လူကာကူကို ရောင်းချခဲ့တာက တော်တော်လေး မှားယွင်းတယ်လို့ ထင်ပါတယ်။ 

အသင်းရဲ့တိုက်စစ်ပိုင်းက သူရှိလို့ သွင်းဂိုးတွေ ဆက်တိုက် ရနေတာပါ။ အခုတော့ သူတို့ တိုက်စစ်ပိုင်းက ထင်သလောက် အလုပ်မဖြစ်တော့ပါဘူး”လို့ ရှပ်က ဆိုပါတယ်။

“လာမယ့် အပြောင်းအရွှေ့ရာသီမှာတော့ သူတို့ တိုက်စစ်ပိုင်းကို ပြန်လည် အစားထိုးနိုင်မယ်လို့ ထင်ပါတယ်။ အစားထိုးဖို့လည်း ပြင်ဆင်မယ်လို့ ထင်ပါတယ်။ အဲ့လိုသာ ပြုလုပ်နိုင်မယ်ဆိုရင် သူတို့အခြေအနေက ပြန်ကောင်းလာနိုင်ပါတယ်”လို့ လီရှပ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

#မနျခကျြစတာယူနိုကျတကျ #ဝင်းဂါး #ပိုချက်တီနို