ရှေ့သို့
Image

“၀က်စ်ဟမ်းဟာ ထိပ်ဆုံး ၆ သင်းနေရာကို ၀င်နိုင်ပါတယ်”ပယ်လီဂရီနီ

4:23 PM, 4 October

ဝက်စ်ဟမ်းအသင်း နည်းပြပယ်လီဂရီနီကတော့ သူ့ရဲ့အသင်းဟာ လက်ရှိရာသီသစ်မှာ ထိပ်ဆုံး ၆ သင်း နေရာကို ၀င်နိုင်တယ်လို့ ယုံကြည်တယ်လို့ ၀န်ခံပြောကြားခဲ့ပါတယ်။

လန်ဒန်ကလပ်အသင်းဟာ အဖွင့်ပွဲစဉ်မှာ မန်စီးတီးအသင်းကို ၅ ဂိုးပြတ် အရေးနိမ့်ပြီးနောက် လက်ရှိ အချိန်အထိ မရှုံးနိမ့်သေးဘဲ စနေနေ့မှာတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။

လက်ရှိ အမှတ်ပေးဇယားမှာလည်း ၀က်စ်ဟမ်းအသင်းဟာ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး စပါး ၊ ချဲလ်ဆီး ၊ ယူနိုက်တက် တို့နဲ့ နီးကပ်လျက်ရှိနေကာ ထိပ်ဆုံး ၆ သင်း နေရာအတွက် နီးစပ်လျက် ရှိနေပါတယ်။

“ကျွန်တော့်အသင်းက အကောင်းဆုံး ပုံစံတစ်ရပ်ကို ပြသနေပါတယ်။ လက်ရှိ ပြသနေတဲ့ ပုံစံကောင်းကို ဆက်ထိန်းနိုင်မယ်ဆိုရင် ရာသီအကုန်မှာ ထိပ်ဆုံး ၆ သင်းနေရာကို ၀င်နိုင်ပါတယ်”လို့ ပယ်လီဂရီနီက ဆိုပါတယ်။

“ပရီးမီးယားလိဂ် ခရီးကြမ်းက ခက်ခဲကြမ်းတမ်းတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် လက်ရှိအသင်း လူစာရင်းက ထိပ်ဆုံး ၆ သင်းနေရာကို စိန်ခေါ်နိုင်ပါတယ်။ 

ကျွန်တော်တို့ရဲ့ပစ်မှတ်က လာမယ့်ရာသီသစ်မှာ ဥရောပပြိုင်ပွဲ ၀င်ရောက်နိုင်ဖို့ပါ”လို့ ပယ်လီဂရီနီက ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်တုန်းကတော့ ၀က်စ်ဟမ်းအသင်းဟာ ဘုန်းမောက်အသင်းကို နောက်ကနေလိုက် ကစားခဲ့ပြီး အဖိုးတန် သရေတစ်မှတ် ရယူနိုင်ခဲ့ပေမယ့် ဂိုးသမား ဖေဘီယန်စကီးကတော့ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

“ဖေဘီယန် ဒဏ်ရာက အနည်းငယ် ပြင်းထန်ပါတယ်။ ဘယ်အချိန် ပြန်လာမလဲဆိုတာတော့ မသိရသေးပါဘူး။ ကျွန်တော်တို့ သူ့အခြေအနေကို အသေးစိတ် စောင့်ကြည့်နေပါတယ်။

 သူက အသင်းရဲ့ အရေးပါတဲ့ ဂိုးသမားတစ်ဦးပါ”လို့ ပယ်လီဂရီနီက ပြောကြားခဲ့ပါတယ်။

#ဝက်စ်ဟမ်း