ရှေ့သို့
Image

“မက်ဆီမရှိတဲ့ဘာစီလိုနာက အင်အားနည်းနေသလိုပါပဲ” ဒီဂျောင်

8:28 PM, 2 October

ဘာစီလိုနာအသင်းကွင်းလယ်ကစားသမား ဒီဂျောင်ကတော့ လက်ရှိဘာကာအသင်းဟာ မက်ဆီကိုလွမ်းဆွတ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။


အသက် ၂၂ နှစ်အရွယ်ကွင်းလယ်ကစားသမားကတော့ မက်ဆီမပါတဲ့ ဘာစီလိုနာဟာ အားလျော့နေတယ်လို့ ခံစားရကြောင်း ၀န်ခံပြောကြားခဲ့ပါတယ်။


“ကျွန်တော်တို့သူ့ကို လွမ်းနေတာပါ။ သူဟာ အသင်းရဲ့အကောင်းဆုံးကစားသမားတစ်ဦးပါ”လို့ ဒီဂျောင်က ဒယ်လိုစပေါ့သတင်းဌာနကိုပြောပါတယ်။


“သူမပါတော့ ကျွန်တော်တို့မှာ တစ်ခုခုလိုနေသလိုပါပဲ။ အသင်းသားတွေအားလုံးက သူ့ကိုလွမ်းဆွတ်နေကြပါတယ်။ မကြာခင်မှာတော့ သူပြန်လာမယ်လို့ထင်ပါတယ်”လို့ ဒီဂျောင်က ဆိုပါတယ်။


ကွင်းလယ်ကစားသမား ဒီဂျောင်ကတော့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်နဲ့ပတ်သတ်ပြီးလည်းဖွင့်ဟခဲ့ပါတယ်။


“ဗန်ဒိုက်က တကယ်ကောင်းတဲ့ကစားသမားတစ်ဦးပါ။ ဒါပေမယ့် မက်ဆီကတော့ ကျွန်တော့်အတွက် အကောင်းဆုံးကစားသမားဖြစ်ပြီး ဘော်လွန်းဒီအော်ဆုနဲ့ ထိုက်တန်ပါတယ်”လို့ ဒီဂျောင်က ပြောပါတယ်။


ဘာစီလိုနာအသင်းကတော့ အခုညမှာ အင်တာအသင်းကို အိမ်ကွင်းမှာ ဧည့်ခံရင်ဆိုင်ရမှာဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဒီဂျောင်