ရှေ့သို့
Image

အသင်းခေါင်းဆောင် ရာထူးအတွက် အသင်းဖော်တွေကို ရွေးချယ်ခွင့်ပြုလိုက်တဲ့ အမ်မရီ

2:37 PM, 27 September

အာဆင်နယ်အသင်းနည်းပြ အမ်မရီကတော့ အသင်းခေါင်းဆောင် ရာထူးအတွက် ကစားသမား ၅ ဦး နာမည်ကို ထုတ်ဖော်ခဲ့ပြီး အသင်းဖော်တွေကို ရွေးချယ်စေခဲ့ပါတယ်။

ယခင် အသင်းခေါင်းဆောင်တွေဖြစ်တဲ့ ကိုစီရယ်လ်နီ ၊ အာရွန် ရမ်ဆေး ၊ ပီတာချက် ၊ နာချို မိုရီရယ်လ်တို့က အသင်းကနေ ထွက်ခွာခဲ့တာကြောင့် အသင်းခေါင်းဆောင်ရာထူးနေရာက လစ်လပ်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိအသင်းမှာ စီနီယာအကျဆုံး ကစားသမားအဖြစ် ကွင်းလယ် ကစားသမား အိုဇေးလ်တစ်ဦးသာ ကျန်ရှိနေပါတယ်။

“နည်းပြက အသင်းခေါင်းဆောင် ၅ ဦးကို ရွေးချယ်ထားပါတယ်။ ကျွန်တော်တို့ နာမည်တွေ စောင့်နေပါတယ်။ ရိုးရိုးလေးပါ၊ နည်းပြက ကျွန်တော်တို့ကို နာမည်စာရင်းပေးမယ် ကျွန်တော်တို့က ရွေးချယ်ရမယ်။ ဒါပါပဲ ။ 

ဘယ်သူ့ကိုမဲပေးမလဲ ဆိုတာတော့ ကျွန်တော် မပြောလိုပါဘူး။ ဒါပေမယ့် ကျွန်တော့်ကိုယ် ကျွန်တော်တော့ မပေးပါဘူး။ တကယ်လို့ ကျွန်တော်သာ အသင်းခေါင်းဆောင် ၅ ဦးစာရင်းမှာ နာမည် ပါဝင်လာမယ်ဆိုရင် ဂုဏ်ယူမိမှာပါ”လို့ ဟိုးလ်ဒင်းက ပြောပါတယ်။

အသက် ၂၄ နှစ်အရွယ် နောက်ခံကစားသမားဟာ အင်္ဂါနေ့က ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ကာရာဘောင်ဖလား ပွဲစဉ်မှာ အိုဇေးလ်အစား လူစားဝင်ကစားခဲ့ပြီး အသင်းခေါင်းဆောင် လက်ပတ်ကို ၀တ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အင်္ဂလန်သားဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ကစားခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့တာကြောင့် အနားယူနေခဲ့ရပြီး ကာရာဘောင်ဖလား ပွဲစဉ်မှာမှ ပြန်လည် ပါဝင်ခဲ့တာပါ။

နည်းပြ အမ်မရီကတော့ အသင်းခေါင်းဆောင် ၅ ဦး နာမည်စာရင်းမှာ အင်္ဂလိပ်ကစားသမား ၁ ဦးကို ထည့်သွင်းသွားမယ်လို့ ပြောကြားခဲ့တာကြောင့် ဟိုးလ်ဒင်းက ပါဝင်ဖို့ ရေပန်းစားနေတာ ဖြစ်ပါတယ်။

အသင်းခေါင်းဆောင် နာမည်စာရင်းမှာတော့ ဇာခါ ၊ အူဘာမီယန်း တို့အပြင် ဟက်တာ ဘယ်လာရင် ၊ လီနို ၊ လာကာဇက်တီ ၊ ကိုလာစီနက်စ် နဲ့ ဒေးဗစ်လူးဝစ်တို့လည်း လျာထားခြင်း ခံထားရပါတယ်။

“အသင်းကို ဦးဆောင်နိုင်တဲ့ ကစားသမားတွေ အများကြီးပါ။ ဘယ်သူပဲရရ ကျွန်တော်တို့ ကြိုဆိုကြမှာပါ။ အသင်းကစားသမားတွေ အားလုံးက စည်းလုံးပြီးသားပါ။ ဒေးဗစ်လူးဝစ်ဆိုလည်း အသင်းကိုရောက်တာ မကြာသေးပေမယ့် အသင်းခေါင်းဆောင်တစ်ဦး ဖြစ်ထိုက်တဲ့ အရည်အချင်းရှိသူပါ” လို့ ဟိုးလ်ဒင်းက ပြောပါတယ်။

“ဇာခါဆိုလည်း အ၀တ်လဲခန်းထဲမှာ ကျွန်တော်တို့ကို စိတ်ဓာတ်ခွန်အားတွေ အများကြီး ပေးနိုင်ပါတယ်။ သူ့မှာလည်း အသင်းခေါင်းဆောင် ဖြစ်ထိုက်တဲ့ အရည်အချင်းရှိပါတယ်။ ကျွန်တော်တို့ ကိုစီရယ်လ်နီကိုလည်း ချစ်ပါတယ်။

 အခုတော့ သူအသင်းမှာ မရှိတော့ပါဘူး။ အသင်းခေါင်းဆောင်အသစ် ဘယ်သူဖြစ်လာမလဲ ဆိုတာ ရင်ခုန်နေပါတယ်”လို့ ဟိုးလ်ဒင်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

#ဟိုးဒင်း