ရှေ့သို့
Image

ပွဲကစားခွင့် ပိုမိုရရှိဖို့ ဂျီးဆပ်စ် လိုလား

11:08 AM, 27 September

စီးတီးအသင်းတိုက်စစ်မှူး ဂျီးဆပ်စ်က အသင်းမှာ ၄ ရာသီ ကစားလာပြီးနောက် ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ အခွင့်အရေး စောင့်ဆိုင်းနေရတာကို စိတ်မရှည်နိုင်အောင် ဖြစ်လာပြီဖြစ်ကြောင်း ၀န်ခံသွားပါတယ်။ အသက် ၂၂ နှစ်အရွယ်ရှိ ဘရာဇီးလက်ရွေးစင် ဂျီးဆပ်စ်ဟာ ယခုအချိန်အထိ တိုက်စစ်မှူးအဂူရိုရဲ့ အရန်အဖြစ်သာ ပါဝင်ကစားနေရပြီး ယခုရာသီပြိုင်ပွဲစုံ ၂ ပွဲသာ ဦးစားပေး ကစားသမားအဖြစ် ပါဝင်ကစားခွင့် ရရှိထားပေမယ့် ၂ ဂိုး သွင်းယူထားပါတယ်။

၂၀၁၆ ခုနှစ်က စီးတီးကို စတင်ရောက်ရှိခဲ့တဲ့ ဂျီးဆပ်စ်က ပွဲထွက်ခွင့်နေရာကို အဂူရိုဆီကနေ လွှဲပြောင်းရယူနိုင်ဖို့ဆိုတာ မလွယ်ကူနိုင်တာ သိထားပေမယ့် သူ့အတွက် ပွဲကစားခွင့် ပိုမိုရရှိရေး တွန်းအားပေးဖို့ အချိန်ရောက်လာပြီလို့ ခံစားနေရကြောင်း ဆိုပါတယ်။ ''ကျွန်တော် စောင့်ဆိုင်းနေပါတယ် ဆိုတဲ့ စကားလုံးကို ကျော်ဖြတ်လိုက်ပါပြီ။ ဒီရာသီက ကျွန်တော့်ရဲ့ စီးတီးကစားသမားဘ၀  ၄ ရာသီမြောက်ပါ။ အသင်းရဲ့အကြီးကျယ်ဆုံးသော ဂန္ထ၀င်ဖြစ်တဲ့ အဂူရိုနဲ့ အားပြိုင်နေရတာ တကယ်မလွယ်မှန်း သိပါတယ်''

''ဂွါဒီယိုလာရဲ့ဆုံးဖြတ်ချက်ကို နားလည်သလို အဂူရိုကိုလည်း လေးစားမှု အပြည့်ရှိပါတယ်။ ပုဂ္ဂိုလ်ရေးအရဆိုရင် ပြီးခဲ့တဲ့ရာသီက ကျွန်တော့်အတွက် တကယ်ပဲ ခက်ခဲခဲ့ပါတယ်။ ပွဲတွေအများကြီး မကစားခဲ့ရသလို အရေးကြီးတဲ့ ပွဲတွေမှာလည်း ကစားခွင့်မရခဲ့ပါဘူး။ ဒါက တကယ့်ကို စိတ်ပျက်စရာကောင်းပေမယ့် အခြေအနေတွေကို ကျွန်တော် နားလည်ပါတယ် ''လို့ ဂျီးဆပ်စ်က ပြောပါတယ်။

ဂျီးဆပ်စ်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ဦးစားပေး ကစားသမားအဖြစ် ၈ ပွဲသာ ကစားခွင့်ရခဲ့ပေမယ့် ပြည်တွင်းလိဂ်ဖလား ပြိုင်ပွဲတွေမှာတော့ ပွဲကစားခွင့် ပိုမိုရရှိခဲ့ပြီး ၇ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

#မနျစီးတီး #အဂူရို #ဂျီးဆပ်စ်