ရှေ့သို့
Image

False 9 ဆိုတာ …………………..

3:44 PM, 23 September

ဒီဆောင်းပါးကို မရေးမီ စာဖတ်သူတွေကို ပထမဆုံးစွာ ပြောချင်တာကတော့ နည်းစနစ်ပိုင်းအရ ကျွန်ုပ်ဟာ နည်းပြ ဆရာတစ်ဆူ မဟုတ်သလို ဘောလုံးအားကစား ကလောင်ရှင်လည်း မဟုတ်လို့ သုံးသပ်ချက်မှာ အမြင်ကွဲလွဲမှုတွေ ရှိနိုင်တယ်ဆိုတာ သတိချပ်စေချင်ပါတယ်။ ဒီဆောင်းပါးကို ဖတ်ပြီး  စာဖတ်သူတွေ False 9 ဆိုတာ အပြည်အစုံ မဟုတ်တောင်  သေချာ ရှင်းလင်း နားလည်သွားစေချင်တာက ကျွန်ုပ်ရဲ့ဒီစာ ရေးသား ရခြင်းရဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။


False 9 ဖြစ်ပေါ်လာပုံ သမိုင်း

=======================

False 9 အကြောင်း မရှင်းပြမီ ဒီနည်းစနစ် ဖြစ်လာတဲ့ သမိုင်းအကြောင်းအရာကို အရင် သိထားသင့်ပါတယ်။ သမိုင်းဆိုတာ လုံးဝနားလည် သိထားသင့်တဲ့အရာ မဟုတ်ပေမယ့် အခြေခံ သဘောတရားအရ လေ့လာ သင့်တာမို့ပါ။ False 9 ကို ၁၉၃၀ ခုနှစ် Wunderteam လို့လူသိများတဲ့ သြစတြီးယား လက်ရွေးစင်အသင်းက စတင် ကျင်သုံးခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ တိုက်စစ်မှူး မက်သီးယက်စ် ရှင်ဒလာက သြစတြီးယားကို ဦးဆောင်ပြီး False 9 ပုံစံ စပြီး ဖန်တီး ကစားပြခဲ့ပါတယ်။ ၁၉၅၀ ဝန်းကျင်မှာ ဟီဒက်ကူတီဟာလည်း ဟန်ဂေရီ အသင်းနဲ့အတူ F9 ကစားပြီး အောင်မြင်မှု အများအပြား ရခဲ့တယ်။ အဲဒီနောက် မော်ဒန်ဘောလုံး လောကအထိ F9  ဟာ နည်းပြ အစဉ်အဆက် ပုံစံအမျိုးမျိုးနဲ့အသုံးတော်ခံခဲ့ပါတယ်။ ဒီလောက်ဆို f9 ရဲ့အစ သြစတြီးယားက စတင်တာလို့အကြမ်းဖျင်း သင် သဘောပေါက်လောက်ပါပြီ။

False 9 ဆိုတာ ဘာလဲ

ရှေးယခင် ဘောလုံးစနစ်မှာတော့ ဘောလုံးသမားတွေရဲ့ ကျောနံပါတ်တွေဟာ ကစားတဲ့နေရာကို ရည်ညွန်း တယ်လို့ ပြောစမှတ် ရှိပါတယ်။ ဥပမာ ဂိုးသမားက နံပါတ် ၁ ဝတ်တယ်၊ ညာနောက်ခံလူက နံပတ် ၂ ၊ ဘယ်နောက်ခံလူက နံပါတ် ၃ စသဖြင့် ရှိပါတယ်။ အထူးသဖြင့် ကျောနံပါတ် ၉ ဝတ် ကစားသမားဆို တိုက်စစ်မှူး သို့အထောင်တိုက်စစ်မှူး  ဆိုတာ ဘောလုံးပွဲ ကြည့်တတ်သူတိုင်း သိကြပါတယ်။ ဒီလိုဆို False 9 ဆိုတာ အထောင် တိုက်စစ်မှူးတစ်ယောက် မဟုတ်ဘူးလား?? အထောင်တိုက်စစ်မှူး ဆိုတာကရော?? မေးခွန်းတွေ ရှိလာပါပြီ။ နံပါတ် ၉ တိုက်စစ်မှူးတစ်ယောက်ဟာ ပြိုင်ဘက် နောက်ခံလူတွေရဲ့ target man (ပစ်မှတ်ထားခံရတဲ့သူ) ဖြစ်ပါတယ်။ သူက ကွင်းရဲ့ဘယ်နေရာကို သွားသွား ပြိုင်ဘက်နောက်ခံလူတွေရဲ့ ပစ်မှတ်တစ်ခုအဖြစ် အမြဲရှိနေပါတယ်။ သူအနေနဲ့ကွင်းလယ်ထဲအထိ ဘောလုံး ဆင်းယူရင်တောင်မှ ပြိုင်ဘက် နောက်ခံလူတွေက နောက်ကနေ ထပ်ကြပ်မကွာ အမြဲတစေ ရှိနေမှာ ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ အသင်းရဲ့ ဂိုးသွင်းနိုင်မယ့် ကစားသမားက ကျောနံပါတ် ၉ ကစားသမားဘဲ ဖြစ်နိုင်ချေ အများဆုံး မိုလို့ပါ။ များသောအားဖြင့် နည်းပြတွေ ရွေးချယ်မှုက တိုက်စစ်သမားဟာ အရပ်မြင့်ရပါမယ်။ ဘာလို့လဲဆိုတော့ အမြင့်ဘောတွေအတွက် ဘောလုံးပိုင်ဆိုင်မှု အသာရအောင်ပါ။ ဒါ့အပြင်  သန်မာတဲ့ ကြံခိုင်မှု၊ လျင်မြန်တဲ့ ပြေးအားတွေနဲ့ပြိုင်ဘက်နောက်ခံလူတွေကို ကျော်ဖြတ်ပြီး တိကျတဲ့ အဆုံးသတ်မှု စတဲ့ အရည်အသွေးတွေ တိုက်စစ် ကစားသမားတွေမှာ ရှိရမှာ ဖြစ်ပါတယ်။ နံပါတ် ၉ တိုက်စစ်သမားတစ်ယောက်ရဲ့ ဦးတည်ချက်က ပြိုင်ဘက်ဂိုးပေါက်ကို နီးနိုင်သမျှ နီးအောင် သွားပြီး အဆုံးသတ် ကန်သွင်းဖို့ဖြစ်ပါတယ်။ အသင်းဖော်တွေရဲ့ ပေးပို့မှု လက်ခံပြီး ဂိုးသွင်းဖို့ဖြစ်ပါတယ်။ သူရဲ့ function က တအားကြီး မရူပ်ပါဘူး။ ဒီလောက်ဆို ကျောနံပါတ် ၉ ရဲ့ လုပ်ဆောင်ရည်တွေကို သိပြီဖြစ်ပါတယ်။ ဒီတော့ Flase 9  ဆိုတာ ဘာလဲ။ အမှန်တကယ် ဒါက အဓိပ္ပါယ်သတ်မှတ်ချက် တိတိကျကျ မရှိပါဘူး။ မြင်သာအောင် ပြောရရင် f9  က နံပါတ် ၉ တိုက်စစ် ကစားသမားတွေ လုပ်ဆောင်ရည်တွေကို မတူညီအောင် ထပ်မံ ဖန်တီးထားတဲ့ နည်းစနစ် တစ်ခုလို့ပဲ ဆိုချင် ပါတယ်။ f9 ဆိုတာ အသင်းတစ်သင်းရဲ့ တိုက်စစ်မှာ ပါဝင်ကစားပေမယ့် တိုက်စစ်မှူး စစ်စစ် တစ်ယောက် မဟုတ်ပါဘူး။ အထူးသဖြင့် f9 ကစားသမားဟာ တိုက်စစ်မှာရှိတဲ့ ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ (ဘာလို့ဖြစ်နိုင်လဲဆိုတာ အောက်မှာ ကျွန်ုပ်အသေးစိတ် ရှင်းပြသွားပါမယ်) သူဟာ ဘောလုံးကိုင်ကစားတဲ့ သူ မဟုတ်ပါဘူး။ သူဟာ နံပတ် ၉ လို ပစ်မှတ်ထားခံရတဲ့ သူမဟုတ်ပါဘူး ။သူဟာ တိုက်စစ်ကိုပဲ အချိန်တိုင်း ကစားတဲ့ သူမဟုတ်ပါဘူး။ f9 ကစားသမားဟာ အသင်းဖော်တွေ တိုက်စစ်ဆင်နိုင်အောင် နေရာလွတ်တွေကို အသုံးချတတ်တဲ့ သူ…. ဘောလုံးပါမသွားအောင် ပြိုင်ဘက်တွေကို လိမ်ခေါက်နိုင်စွမ်း ရှိသူ…ကွင်းလယ်ကနေ ဘောလုံး လက်ခံနိုင်စွမ်းရှိသူ…. သူရဲ့ မြင့်မားတဲ့ နည်းစပိုင်းစွမ်းရည်နဲ့အများနဲ့မတူ နေရာယူတတ်တဲ့ ဘောလုံး အမြင်ရှိသူတွေဟာ f9 ကစားသမားတွေ ဖြစ်ပါတယ်။ 

နံပါတ် ၁၀ Role နဲ့False 9 ဘာတွေကွာခြားလဲ ?

=============================

false 9 ရဲ့ဝိသေသတွေ အကြမ်းဖျင်း သင် နားလည်သွားပြီ ဆိုပါစို့။ စာဖတ်သူ ဘောလုံးပွဲကြည့်တဲ့သူတွေ  အထင်အမြင် မှားတတ်ကြတာ တစ်ခုရှိပါတယ် အဲဒါက နံပါတ် ၁၀ role (AM) နဲ့f9 ကစားသမား ဘယ်ဟာလဲ ဆိုတာ နားလည်ရ ခက်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ နံပါတ် ၁၀ role နဲ့f9 ဟာ လုပ်ဆောင်တဲ့ စွမ်းရည်တွေ သိပ်ပြီး မကွဲပြားကြလို့ဖြစ်ပါတယ်။   နံပါတ် ၁၀ Role ကစားတဲ့သူဟာလည်း f9 လို ကွင်းလယ်မှာ ဘောလုံးဖြန့်ဝေနိုင်စွမ်းရှိပြီး အလိမ်အခေါက်ကောင်းတဲ့သူတွေ ဖြစ်သလို ကိုယ်တိုင်လည်း ဂိုးသွင်းနိုင်စွမ်း ရှိပါတယ်။  အမြင်ရှင်းသွားအောင် ဥပမာနဲ့ပြောရင် F9 role ကစားသမားပါတဲ့ အသင်းဟာ ပုံမှန်အားဖြင့် ၄-၃-၃ formula သုံးလေ့ ရှိပါတယ်။ အထောင် တိုက်စစ်သမားမပါတဲ့အတွက် f9 ကစားသမားက ကွင်းလယ်ထဲ ဘောလုံးဆင်းယူပြီ ဆိုပါက ပြိုင်ဘက် နောက်ခံလူတွေဟာ သူကို လိုက်ပြီး ကပ်ရင်ကပ် မကပ်ရင် နောက်မှာ ချန်နေခဲ့မှာ ဖြစ်ပါတယ်။ ဒါဆို f9 ပါတဲ့အသင်းဟာ ကွင်းလယ်မှာ လူတစ်အားပိုပြီး ဘောလုံးပိုင်ဆိုင်မှု အသာ ရနိုင်ပါတယ်။ နောက်တစ်ချက်က ကွင်းလယ်ထဲ ဘောလုံးဆယ်ယူတဲ့ f9  ကစားသမားကြောင့် ပြိုင်ဘက် နောက်တန်း နေရာယူထားတဲ့လိုင်းဟာ အလိုအလျောက် ရှေ့တက်လာပြီး Highline defensive ပုံစံ ဖြစ်နိုင် ပါတယ်။ အကယ်လို့ ပြိုင်ဘက်နောက်ခံလူတွေ လိုက်ကပ်ပြီဆိုရင် F9 ကစားသမားဟာ ဘယ်၊ ညာ winger တွေကို စိတ်ကြိုက်ရွေးချယ် ပေးလို့ရတယ်။ အကြောင်းကတော့ ရှေ့တက်လာတဲ့ နောက်ခံ ကစားသမားကြောင့် နေရာလွတ်တွေ ဖြစ်လာပြီး ဘယ်၊ ညာခြမ်းမှာ ရှိတဲ့ winger အနေနဲ့အခွင့်အရေးကို အကောင်းဆုံး အသုံးချလို့ရနိုင်တာ ဖြစ်ပါတယ်။ အကယ်လို့ ပြိုင်ဘက်နောက်ခံလူက F9 ကစားသမားကို marking လိုက်မပေးဘူး။ ဆုံးဖြတ်ရင်လည်း ပြဿနာမရှိဘဲ ကွင်းလယ်မှာ အတားအဆီးမရှိ ဖြတ်ကျော်ပြီး ဘောလုံးပေးသည်ဖြစ်စေ ၊ ကန်သည့်ဖြစ်စေ လုပ်နိုင်တယ်။ Backline မှာ နေခဲ့တဲ့ ပြိုင်ဘက်နောက်ခံလူဟာ အလှုပ်အရှား မရှိတာမို့ဘောလုံးသယ်လာတဲ့ F9 ကစားသမားကို တားဆီးဖို့ အခက်အခဲက ပိုများပါတယ်။ ဒါက F9 ကစားသမားရဲ့ ယေဘုယျ အလုပ်လုပ်ပုံပါ။ နံပါတ် ၁၀ Role ကစားသမားကို အသုံးချမယ်ဆိုရင် နည်းပြအများစုဟာ ပုံမှန်အားဖြင့် ၄-၃-၁-၂ သို့၎-၂-၃-၁ ကစားကွက်မျိုးတွေ သုံးပါတယ်။ အလွယ်ကူဆုံး ပြောရရင် နံပါတ် ၁၀ Role ကစားသမားဟာ သူတစ်ယောက်တည်း တိုက်စစ်မှာ လှုပ်ရှား မကစားပါဘူး။ သူရဲ့ရှေ့မှာ ပြိုင်ဘက်နောက်ခံလူကို ကျော်ဖြတ်ပြီး အဆုံးသတ်ပေးဖို့ တိုက်စစ်မှူးတစ်ဦး သေချာပေါက် ရှိနေတတ်ပါတယ်။ နံပါတ် ၁၀ ကစားသမားတွေရဲ့ အလုပ်က ကွင်းလယ်ဗဟိုစ က်ဝိုင်းအတွင်း ဘယ်နေရာမဆို နေရာယူတတ်ရမှာ ဖြစ်ပြီး ဂိုးရစေနိုင်မယ့် တိကျသေချာတဲ့ ဖန်တီးမှုတွေ ရှာဖွေတတ်သူ ဖြစ်ပါတယ်။ အထူးသဖြင့် ရှေ့ မှာရှိနေတဲ့ တိုက်စစ်မှူးကို တိုက်ရိုက်ဘောလုံး ပေးပို့မှု လုပ်ပါတယ်။ ဒါဆို F9  နဲ့AM ကစားသမားတွေရဲ့ ကွာခြားမှုကို သင်အနည်းငယ် နားလည်လောက်ပြီ ထင်ပါတယ်။ F9 ကစားသမားနဲ့ မတူတာကတော့ နံပါတ် ၁၀ ကစားသမားဟာ တောင်ပံကစားသမားတွေကို ဖြစ်စေ တိုက်စစ်မှူးတွေကို ဖြစ်စေ တိုက်ရိုက်ပေးပို့မှုတွေ လုပ်လို့ရပါတယ်။ နံပါတ် ၁၀ role ကစားသမားဟာ အများနဲ့မတူတဲ့ ဂိုးရစေနိုင်မယ့် ဘောလုံးပေးပို့မှု အမြင်ရှိတဲ့သူ… အဆုံးသတ်ကောင်းတဲ့သူ… ဘောလုံးပေးပို့မှု တိကျသေချာတဲ့သူ…. ဆုံးဖြတ်ချက် မှန်ကန်သူ (လျင်မြန်စွာ ချမှတ်နိုင်) တွေ ဖြစ်ပါတယ်။

False9 ကစားရာမှာ ဘယ်သူတွေ အောင်မြင်ကြသလဲ??

F9 ကစားသမားများတွင် အအောင်မြင်ဆုံးနဲ့perfect အဖြစ်ဆုံး ကစားသမားကို ပြပါဆိုရင် ဂွါဒီယိုလာ လက်ထက် ဘာစီလိုနာ ကစားသမား လီယွန်နယ်မက်ဆီကို ဆိုရမှာ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ် အောက်တိုဘာလ၊ ဂျူဗင်တပ်စ်နဲ့ခြေစမ်းပွဲမှာ ပထမဆုံး ဘာစီလိုနာအတွက် ပွဲထွက်ကစားခဲ့တဲ့ မက်ဆီဟာ လက်ရှိ အချိန်အထိ ၇၁၉ ပွဲမှာ ၆၁၄ ဂိုးအထိ သွင်းယူထားပြီး ဖြစ်ပါတယ်။ ဒါဆို မက်ဆီဘာကြောင့် အဲလောက်ထိ ဂိုးတွေ အများကြီး သွင်းနိုင်ခဲ့တာလဲ ??? အဖြေကတော့ မက်ဆီဟာ False 9 ကို အကျွမ်းကျင်ဆုံးနဲ့ အပိုင်နိုင်ဆုံး ကစားနိုင်သူ ဖြစ်လို့ပါ။ ဂွါဒီယိုလာဟာ ဘာစီလိုနာကို စရောက်တော့ ကြယ်ပွင့်လို့ဆိုရမယ့် ရော်နယ်ဒင်ဟိုကို ရဲရဲကြီး ရောင်းထုတ်ပြီး မက်ဆီကို F9 နေရာထား ကစားကာ အောင်မြင်မှုလမ်းကို စတင် ဖောက်ထွင်းခဲ့သူတစ်ယောက်ပါ။ လက်ရှိနည်းပြ ဗယ်ဗာဒီဟာလည်း မက်ဆီကို ပြီးခဲ့တဲ့နှစ်နှဲ့ယခုရာသီအစအထိ f9 ထားကစားပါသေးတယ်။ ဒါပေမဲ့ ဂွါဒီယိုလာလောက် F9 ကစားကွက်ဖြင့် မက်ဆီကို အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးခဲ့သူ မရှိခဲ့ပါဘူး။ ဒါဆို မက်ဆီ ဘယ်လိုကစားသလဲ??  မက်ဆီဟာ ပွဲတစ်ပွဲကို အကောင်းဆုံးပုံစံနဲ့ချဉ်းကပ်လေ့ရှိတဲ့ ကစားသမား ဖြစ်ပါတယ် အထူးသဖြင့် ကွင်းလယ်နဲ့ခံစစ်ကြားက line နေရာလေးမှာ မက်ဆီ နေရာယူလေ့ ရှိပါတယ်။ သူ့ကို နောက်ခံလူနဲ့ ကွင်းလယ်လူတွေ လိုက်ကပ်လေ အာဂျင်တီးနားသားအတွက် ပိုပြီး စိတ်ကြိုက်ဖြစ်လေပါဘဲ။ ဘာလို့လဲဆိုတော့ အသင်းဖော်တွေအတွက် များစွာ နေရာလွတ်တွေ ရလို့ဖြစ်ပါတယ်။ ဥပမာပြရရင် ဘာစီလိုနာ အသင်းက ရီးရဲလ်မက်ဒရစ်ကို ၅ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲမှာ ဂွါဒီယိုလာနဲ့ မက်ဆီ စွမ်းဆောင်ရည်ကို တွေ့မြင်နိုင်ပါတယ်။ ဂွါဒီဟာ ဘာကာကို စရောက်ရောက်ချင်း  အများမမြင်တဲ့ အချက်ကို မြင်ခဲ့တာပါ။ ကစားသမား တစ်ယောက်က တိုက်စစ်မှူးတစ်ယောက် ဖြစ်တာထက် ဒီထက်ပို လုပ်နိုင်တယ်ဆိုတာ သူ မြင်ခဲ့တယ်။ မက်ဆီဟာ အလွန်လျင်မြန်တဲ့ ကစားသမားပါ။ ဒါကြောင့်မို့  မက်ဆီ လိမ်ခေါက် ကစားရင်တောင် ပြိုင်ဘက် နောက်ခံလူတွေက သူကို လိုက်မီဖို့ ခဲယဉ်းပါတယ်။

ဂွါဒီယိုလာ မြင်တဲ့ f9 ဆိုတာ အောက်ပါအချက်တွေ ဖြစ်ပါတယ်။

၁။ တိုက်စစ်မှာ နေရာစုံကစားနိုင်သူ ဖြစ်ရပါမယ်

၂။ ပွဲစတယ်ဆိုတာနဲ့ ကွင်းလယ်နဲ့ကွင်းလယ် တိုက်စစ်နေရာအတွက် အဆင့်သင့်ဖြစ်အောင် ကစားနိုင်ရပါမယ်

၃။ ပြိုင်ဘက်က လူကပ်ပြီး ဖိအားပေးရင်တောင် နေရာကျဉ်းထဲမှာ ဘောလုံးနဲ့အတူ ဖြတ်ကျော် လိမ်ခေါက်နိုင်တဲ့ စွမ်းရည်ရှိရပါမယ်

၎။ ပြိုင်ဘက်ကစားသမား ၂ ဦးနဲ့အထက် လူကပ်ထားမယ်ဆို အသင်းဖော်တွေအတွက် နေရာလွတ် ဖန်တီးပေးစေခြင်းနဲ့ တိကျတဲ့ ဘောလုံးပေးပို့မှု ဖန်တီးခြင်း ဒါမှမဟုတ် အသင်းဖော်တွေနဲ့အတွဲညီစွာ ချိတ်ဆက်ပြီး အခွင့်အရေးတွေ ဖန်တီးစေခြင်းနဲ့ကိုယ်တိုင် ဂိုးသွင်းစေခြင်း စသည်ဖြင့် ယေဘုယျ . သတ်မှတ်ထားပါတယ်။

ဒါတွေက F9 အပေါ် ဂွါဒီယိုလာမြင်တဲ့ အချက်တွေပါ။

မက်ဆီရဲ့ပွဲအတွင်း နေရာယူတတ်မှု ဘောလုံးအမြင်ကလည်း F9 မှာ အောင်မြင်ခြင်းရဲ့ အခရာတစ်ခု ဖြစ်လို့နေပါတယ်။ မက်ဆီဟာ ပြိုင်ဘက်ကစားသမားတွေနဲ့ အသင်းဖော်တွေအားလုံး မြင်သာစေနိုင်တဲ့ ခံစစ်နဲ့ကွင်းလယ်ကြား နေရာကို ယူတတ်ခြင်းက   ပြိုင်ဘက်ဟာ မက်ဆီကို ကပ်ရမလား ကိုယ်နေရာမှာဘဲ ကိုယ်နေရမလား၊ စိတ်ဇဝေဇဝါဖြစ်အောင် ဖန်တီးပါတယ်။ ဒီလိုကစားခြင်းက မက်ဆီအတွက် ပိုမို လွတ်လပ်စေပြီး ဂိုးအများအပြား ရအောင်လည်း အာဂျင်တီးနားသားကို ကူညီပေးပြန်ပါတယ် ဘယ်လို ?? သင်ဖတ်နေရင်း မျက်စိရူပ်သွားပြီမလား?? ဟုတ်ပါတယ် မက်ဆီ ဂိုးတွေ အများအပြား သွင်းယူနေတဲ့ အကြောင်းရင်းတစ်ချက်က F9 ကစားတဲ့ အချက်ပါ။မက်ဆီဟာ သူရဲ့သွင်းဂိုး တော်တော်များများကို ကွင်းလယ်ကနေ သူများတွေထက် နောက်ကျမှ ပြေးပြီး ကန်သွင်းတဲ့ နည်းစနစ်ကို သုံးပါတယ်။ တစ်ဖက်မှာ ပြိုင်ဘက် နောက်ခံလူတွေက နေရာတကျ ဖြစ်နေတဲ့အချိန်နဲ့ ကိုယ်အသင်းဖော်တွေနဲ့ ကပ်လျက်ရှိတဲ့ အချိန်မှာ ပင်နယ်တီဧရိယာထဲ အသင့်ပြေးဝင်ပြီး သွင်းဂိုးတွေ ရှာဖွေတာ ဖြစ်ပါတယ်။ နည်းစနစ်ပိုင်းအရ ဒါဟာ Delay run လို့ခေါ်ပါတယ်။ ဒီနေရာမှာ အသင်းဖော်တွေကလည်း မက်ဆီကိုဘဲ ရှာဖွေပြီး ဖန်တီးမှုတွေ လုပ်ပေးပါတယ်။ ထပ်ပြီး ရှင်းအောင်ပြောရရင် ပြိုင်ဘက်နောက်ခံလူတွေဟာ ကိုယ်အသင်းဖော်တွေကိုဘဲ ကပ်ထားတဲ့အချိန်မှာ နောက်ချန်နေခဲ့တဲ့ မက်ဆီကို မြင်ရဖို့အခွင့်အရေး နည်းပါတယ်။ ဘောလုံးယူထားတဲ့ အသင်းဖော်တစ်ဦးက ပေးပို့မှုလုပ်တဲ့ အချိန်မှသာ မက်ဆီဟာ သူရဲ့လျင်မြန်တဲ့ ပြေးအားနဲ့တိကျတဲ့ ကန်သွင်းချက်ကို အသုံးချပြီး ဂိုးတွေရယူနိုင်ခြင်း ဖြစ်ပါတယ်။ နောက်တစ်ချက်က မက်ဆီဟာ နေရာလွတ်တွေကို အကောင်းဆုံး အသုံးချနိုင်ခြင်းပါ။ သူဟာ နေရာယူတတ်တဲ့ ဘောလုံးအမြင် ရှိတဲ့အပြင် ပြိုင်ဘက် ကစားသမားတွေရဲ့ လှုပ်ရှားမှုကို အမြဲတစေ Checking လုပ်လေ့ရှိပါတယ်။ ဒါဟာ မက်ဆီနဲ့  တခြားသော ကစာသမားတွေနဲ့ မတူတဲ့ အချက်ဖြစ်ပါတယ်။  ပြိုင်ဘက်က လျော့တိလျော့ရဲ ကစားနေမယ်။ နေရာလွတ်တွေ ဖန်တီးပေးနေမယ် ဆိုရင်တော့ မက်ဆီဟာ အဲဒီနေရာကို အချိန်မဆိုင်းဘဲ မြန်ဆန်စွာ ပြေးပြီး အဖိုးတန်ဂိုးတွေ ရယူပါတယ်။ ဒါဆို အချက် နှစ်ချက် ရှိသွားပါပြီ။  ၁ က မက်ဆီဟာ နေရာလွတ်တွေကို ကြည့်တယ် ၂ က ပြိုင်ဘက်ရဲ့ လှုပ်ရှားမှုကို ကြည့်တယ်။ ဒါဆို မက်ဆီရဲ့ အားသာချက်ကို သင်သိလောက်ပြီ ဖြစ်ပါတယ်။ စောနက မက်ဆီရဲ့ delay run မှာ ပြိုင်ဘက်တွေက ၎င်းကို ကပ်ထားခြင်း မရှိလို့ဂိုးပေးရတာ ဖြစ်တယ်လို့သင်စောဒက တတ်နိုင်ပါတယ်။ ဒါဆို မက်ဆီကို ကပ်ထားရင်ကော ?? အားလုံးသော ပြိုင်ဘက် နည်းပြတွေဟာ မက်ဆီကို ကပ်ဖို့သေချာပေါက် နည်းဗျူဟာ ထုတ်သုံးမှာ မြေကြီး လက်ခတ်မလွဲ သေချာ ပါတယ်။ ဒီလို လူကပ်ခြင်းဖြင့် ရလာတဲ့ အားသာချက်က အသင်းဖော်တွေအတွက် အကျိုးအမြတ် အများကြီး ရှိပြီး နေရာလွတ်တွေ ရပါတယ်။ ဒါဆို မက်ဆီဟာ လူကပ်သည်ဖြစ်စေ မကပ်သည်ဖြစ်စေ လုံးဝကို ပြိုင်ဘက် အသင်းအတွက် အန္တာရယ်ပေးနိုင်သလို အသင်းအတွက်လည်း အကူအညီပေးတဲ့ ကစားသမား ဖြစ်နေပါပြီ။ သင်အနေနဲ့ရော မက်ဆီကို လူဘယ်နယောက်ကပ်မလဲ?? ၂ ယောက် ၊ ၃ ယောက်၊ ၅ ယောက်??  ယူနိုက်တက်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် ပြောဖူးပါတယ်။ သင်အနေနဲ့မက်ဆီကို တားဆီးဖို့ နည်းစနစ်ပိုင်းဆိုင်ရာအရ လုံးဝ မရှိပါဘူးလို့ ဆိုဖူးပါတယ်။ အဓိက အကြောင်းရင်းက F9 ကို မက်ဆီ အကောင်းဆုံး အသုံးချနေလို့ဖြစ်ပါတယ်။ ကျွန်ုပ်အနေနဲ့မက်ဆီကို ချီးမွမ်းခန်း ဖွင့်နေတာ မဟုတ်ပါဘူး။ မက်ဆီဟာ f9 ကို အကောင်းဆုံး အသုံးချနေလို့အောင်မြင်နေခြင်းရဲ့အကြောင်းရင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။

ဒါဖြင့်ရင် မက်ဆီက မော်ဒယ် ဘောလုံးလောကမှာ F9 ကို စတင် အသုံးချနိုင်ခဲ့တဲ့ ကစားသမားလား …မဟုတ်ပါဘူး  ၂၀၀၆/၀၇ ရာသီက နည်းပြစပယ်လက်တီ လက်အောက်မှာ ကစားခဲ့တဲ့ ရိုးမားအသင်း ခေါင်းဆောင် ဖရန်စကို တော့တီဟာ F9 စတင်ပြီး ကစားခဲ့တဲ့သူ ဖြစ်ပါတယ်။ သူရဲ့ကျောနံပါတ်က ၁၀ ဖြစ်ပေမယ့် တကယ့်တကယ်မှာ တော်တီဟာ f9 စစ်စစ်ကို ကစားပြီး ဂိုးတွေ အများအပြား ရယူခဲ့သူ ဖြစ်ပါတယ်။တော့တီရဲ့အောင်မြင်မှုကြောင့် ဥရောပရှိ နည်းပြတွေဟာ ထပ်မံ ပုံတူယူပြီး F9 ကို ပုံစံ အမျိုးမျိုးနဲ့ကစားဖို့ ကြိုးစားခဲ့ကြပါတယ်။ အထူးသဖြင့် ဆာအဲလက်စ် ဖာဂူဆန်ကိုယ်တိုင် တီဗက်၊ ရွန်းနီ၊ ရော်နယ်ဒို သုံးယောက်စလုံးကို  တိုက်စစ်မှူးစစ်စစ် မဟုတ်ဘဲ f9 ကစားကွက်သုံးပြီး ကစား ခဲ့ဖူးပါတယ်။ အာဆင်ဝင်းဂါးဟာလည်း အာဆင်နယ်မှာ ၂၀၀၉ ခုနှစ်က ဗန်ပါစီကို f9 ကစားစေခဲ့ပါတယ်။ ယူရို ၂၀၁၂ ဖလားကိုလည်း စပိန်နည်းပြ ဒဲလ်ဘော့စကေးဟာ ကွင်းလယ်မှာ ဇာဗီ၊ အင်နီယေစတာ၊ ဖာဘရီဂတ်စ် တို့ရဲ့ အားနဲ့ F9 သုံးပြီး အောင်မြင်မှု ရယူခဲ့ပါတယ်။ ဒါဆို F9 ဟာ ဂန္တဝင် နည်းပြတွေတောင် လက်ခံ ကျင်သုံးခဲ့တဲ့ နာမည်ကျော် နည်းစနစ်ဆိုတာ သင်သတိထားမိနိုင်ပါတယ်။

False 9 အကြောင်း ပြောရမယ်ဆိုရင် ချန်လှပ်ထားလို့ မရတဲ့ နောက်ထပ် ကစားသမားကတော့ လီဗာပူး တိုက်စစ်မှူး ဖာမီနို ဖြစ်ပါတယ်။ ဖာမီနိုက လီဗာပူးအသင်းရဲ့နည်းစနစ်မှာ အရေးပါဆုံး ကစားသမား တစ်ယောက် ဖြစ်ပါတယ်။ သူ့အနေနဲ့ ဂိုးတွေအများအပြား သွင်းယူနိုင်တဲ့ တိုက်စစ်မှူးမျိုးဖြစ်ပြီး အထူးသဖြင့် အသင်းဖော်တွေဖြစ်တဲ့ ဆာလက်၊ မာနေးတို့နဲ့ ယှဉ်ရင် သူ့ရဲ့ဂိုးသွင်းအားက သိပ်မကောင်းတာ ပေါ်လွင် နေပါတယ်။ ဒါပေမဲ့ ကွင်းထဲ သူရှိနေပြီဆိုရင် ဆာလက်နဲ့ မာနေးတို့အတွက် တကယ့်ကို အရေးကြီးတဲ့ ကစားသမား ဖြစ်လေ့ရှိပါတယ်။ ဆာလက်နဲ့ မာနေးတို့ ဂိုးတွေ အများအပြား သွင်းယူနိုင်ခြင်းရဲ့ အကြောင်းရင်းတစ်ချက်က ကွင်းလယ်အထိ ဘောလုံးဆင်းယူတဲ့ ဖာမီနိုကြောင့်ဖြစ်ပြီး ဖာမီနိုက အသင်းဖော် တိုက်စစ်မှူးတွေကို ဂိုးသွင်းနိုင်တဲ့ အနေအထားတွေ ဖန်တီးပေးလေ့ ရှိပါတယ်။ ဖာမီနိုဟာ တစ်ခါတလေ ဘောလုံး လက်ခံရယူဖို့အတွက် ကွင်းလယ်စည်းလောက်အထိ ဆင်းယူလေ့ရှိပြီး တောင်ပံတွေမှာ နေရာလွတ်တွေ ပေါ်သွားတဲ့အခါ မာနေးနဲ့ ဆာလက်တို့အတွက် ချိတ်ဆက်ပေးပါတယ်။ ဥရော ပစူပါဖလား ပွဲစဉ်အဖြစ် ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ပွဲမှာရော မနေ့ညက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ အမှတ်ပေးပွဲမှာလည်း ဖာမီနိုရဲ့အရေးပါတဲ့ အခန်းကဏ္ဍကို မြင်တွေ့ခဲ့ရပါတယ်။

စူပါဖလားပွဲမှာ ဖာမီနိုဟာ ကွင်းလယ်အထိ ဘောလုံးဆင်းယူကာ မာနေး နေရာလွတ်ရလာအောင် ပြိုင်ဘက် ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို မျှားခေါ် ကစားခဲ့ပါတယ်။ အဲဒီမှာ မာနေးလည်း ဘယ်တောင်ပံတစ်လျှောက် လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးဖို့ နေရာလွတ်တွေ ရရှိသွားပြီး ဒါကိုလည်း ဖာမီနိုက မာနေးရဲ့ပြေးလမ်းထဲ အသာ ခင်းပေးလိုက်ပါတယ်။ အဲဒီ ဖြစ်ရပ်ကနေ လီဗာပူးအသင်း ဂိုးမရခဲ့ပေမယ့် အန္တရာယ်ရှိတဲ့ ထိုးဖောက်မှုအဖြစ် ချဲလ်ဆီးကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါက ဖာမီနိုရဲ့အရေးကြီးကဏ္ဍကို ထင်ရှား ပေါ်လွင်စေခဲ့ပြီး အဲဒီပွဲမှာပဲ သူ့ရဲ့ False 9 ပုံစံကစားမှုကို ထပ်မံ မြင်တွေ့ခဲ့ပါတယ်။ 

သူဟာ ဘောလုံးရယူဖို့ ကွင်းလယ်အထိ ဆင်းကစားကာ ပြိုင်ဘက် ကစားသမားတွေကို သူ့ဆီ မျှားခေါ်ရင်း တောင်ပံတစ်လျှောက် နေရာလွတ်တွေ ဖန်တီးပါတယ်။ အဲဒီမှာ ညာတောင်ပံမှာရှိတဲ့ ဆာလက်လည်း နေရာလွတ်တွေ ရရှိလာပြီး ဖာမီနို ပေးပို့မှုကနေ ဆာလက် ပြန်ပေးတာ များသွားလို့ ဂိုး မရခဲ့တာပါ။ နောက်ပြီး ဖာမီနိုဟာ နေရာလွတ်တွေ ဖန်တီးရင်း အန္တရာယ်ရှိတဲ့ တိုက်စစ်ဆင်မှုတွေကိုလည်း အစပျိုးပေးလေ့ ရှိပါတယ်။ နောက်တစ်ခါ ဂျော်ဂျင်ဟိုက သူ့ကို အလွတ်မပေးဘဲ လူကပ် ကစားနေတဲ့အခါ အသင်းဖော်တွေ နေရာလွတ်တွေ ရရှိအောင် သူက ချဲကစားရင်း ဂျော်ဂျင်ဟို သူ့ဘက်ပါလာအောင် လုပ်ပါတယ်။

ဒါတွေက ဖာမီနိုရဲ့စွမ်းဆောင်ရည်တွေဖြစ်ပြီး သူဟာ ဘောလုံးရယူဖို့ ကွင်းလယ်ထိ ဆင်းယူပါတယ်။ အဲဒီနောက် ပြေးအားသန်တဲ့ တောင်ပံတိုက်စစ်မှူးတွေနဲ့ ချိတ်ဆက် ကစားလေ့ရှိပါတယ်။ သူက ဘရာဇီးသားမို့ စကေးပိုင်းကလည်း ပြောစရာမလိုဘဲ ဘောလုံးအမြင်ကလည်း အားကောင်းပါတယ်။ ဖာမီနိုဟာ ဒီရာသီမှာ တစ်ပွဲပျမ်းမျှ အခွင့်အရေး ဖန်တီးနိုင်မှု ၁.၃ ကြိမ်ရှိပြီး ဒါက တိုက်စစ်မှူးတစ်ဦးအတွက် သိပ်ကောင်းတဲ့ ကိန်းဂဏန်း ဖြစ်ပါတယ်။ 

ကွင်းလယ်အထိ ဆင်းကစားတဲ့အတွက်ကြောင့် ဖာမီနိုကိုယ်တိုင် အတွက်လည်း ဂိုးတွေ ပိုမို သွင်းယူ လာနိုင်ပါတယ်။ ဆာလက်နဲ့ မာနေးတို့က တောင်ပံတွေကနေ ပြိုင်ဘက်ခံစစ်ကို ဖရိုဖရဲ ဖြစ်စေချိန်မှာ ဖာမီနိုလည်း ဂိုးတွေသွင်းနိုင်ဖို့ အခွင့်အရေး ပိုရလာပါတယ်။

လီဗာပူးမှာ သူ့ရဲ့အခန်းကဏ္ဍ အရေးပါနေရတဲ့ နောက်ထပ် အကြောင်းရင်းကတော့ သူ့ရဲ့လုပ်အားနှုန်း ဖြစ်ပါတယ်။ သူဟာ ကိုယ့်အသင်း ဘောလုံးပိုင်ဆိုင်ချိန်မှာရော ဘောလုံးဆုံးရှုံးသွားချိန်မှာရော သူဟာ ကြိုးစားပမ်းစား ကစားလေ့ရှိပါတယ်။ ချဲလ်ဆီးနဲ့ စူပါဖလားပွဲမှာ သူဟာ နောက်တစ်ကြိမ် ကွင်းလယ်အထိ ဆင်းကာ ဘောလုံး လက်ခံရယူဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ကန်တီဆီ ဘောလုံး ဆုံးရှုံး သွားပါတယ်။ အဲဒီနောက် ဖာမီနိုဟာ ကန်တီဆီ တောက်လျှောက်လိုက်ကပ်ကစားကာ အသင်းဖော်တွေ တားဆီးလို့ရအောင် လုပ်ဆောင်ခဲ့ပြီး တိုက်စစ်မှူးဆိုပေမယ့် ကိုယ့်ဂိုးစည်းထိပ်အထိ ခံစစ်ကစားပါတယ်။

အချုပ်အားဖြင့်ဆိုရရင် ဖာမီနိုဟာ False 9 ပုံစံနဲ့ အကောင်းဆုံး အံဝင်နေသူဖြစ်ပြီး နည်းပြကလော့ပ်ကလည်း အသင်းအတွက် အလွန့်အလွန် အရေးပါသူဖြစ်ကြောင်း ချီးကျူးထားပါတယ်။

#လီဗာပူး #ဘာစီလိုနာ #အယ်ဒီတာအကြိုက် #ဖာမီႏို