ရှေ့သို့
Image

အိုလံပီယာကို့စ်နဲ့ပွဲမှာ စိတ်အားထက်သန်မှုမရှိတဲ့ ကစားပုံကြောင့် စိတ်ပျက်မိကြောင်းပြောခဲ့တဲ့ ပိုချက်တီနို

10:37 AM, 19 September

ဗုဒ္ဓဟူးနေ့ ညနေက ဂရိမှာ ၂ ဂိုးစီ သရေကျခဲ့ပြီးတဲ့နောက် နည်းပြပိုချက်တီနိုက တော့တင်ဟမ်အသင်း ကစားသမားတွေကို ပြစ်တင် ဝေဖန်သွားခဲ့ပါတယ်။ ဟယ်ရီကိန်းရဲ့ပင်နယ်တီ လူကပ်စ်မော်ရာတို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးဆုံးချိန်မှာတော့ သရေပွဲနဲ့သာ အဆုံးသတ်သွားခဲ့ပါတယ်။

ပွဲပြီးဆုံးမှာတော့ နည်းပြပိုချက်တီနိုဟာ ညွှန်ကြားထားတဲ့အတိုင်း မကစားခဲ့တဲ့ သူ့ရဲ့ကစားသမားတွေကို ပြစ်တင် ဝေဖန်သွားခဲ့ပါတယ်။ 

“ တော်တော်လေး စိတ်ပျက်မိတယ်။ ပထမပိုင်းအသင်းရဲ့ခြေစွမ်းကို အားမရတာ။ ပွဲအစကတည်း စီစဉ်ထားတာ ရှိပြီးသား။ အစီအစဉ်ကို မလေးစားခဲ့ကြဘူး။ အဲ့ဒါကို စိတ်အပျက်ဆုံးပဲ။ ပထမပိုင်းပြီးတုန်းက ကျွန်တော် ပြောခဲ့သေးတယ်။ ငါတို့ ဂိုး ၂ ဂိုးရထားပေမဲ့ ခြေစွမ်းပိုင်းကိုတော့ သိပ်အားမရသေးဘူးလို့။ ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီး ပေးလိုက်ရတယ် ပထမဂိုး ပေးလိုက်ရတဲ့ ပုံစံဆိုရင် တော်တော်လေး နာကျင်ရတယ်။ စနေနေ့က ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ပွဲကလို စိတ်အားထက်သန်မှုမျိုး ဒီပွဲမှာ လိုအပ်ခဲ့တာ။ စိတ်အပျက်ဆုံးကတော့ စိတ်အားထက်သန်မှု မရှိတာပါပဲ “ လို့ပြောခဲ့ပါတယ်။

ဒီသရေပွဲဟာ ၂ ဂိုး ဦးဆောင်ပြီးမှ ချေပဂိုးတွေ ပြန်ပေးလိုက်ရတဲ့ စပါးအသင်းရဲ့ဒုတိယမြောက်ပွဲဖြစ်ပြီး လွန်ခဲ့တဲ့ ၁၇ ရက်ကလည်း မြောက်လန်ဒန်ဒါဘီမှာ အာဆင်နယ်အသင်းကို ၂-၀ နဲ့ ဦးဆောင်နေရာကနေ ၂ ဂိုး ပြန်ပေးလိုက်ရပြီး ၂-၂ နဲ့ သရေကျသွားခဲ့ပါတယ်။

ပိုချက်တီနိုက “ ဂိုးတွေ ဘာလို့ပြန်ပေးခဲ့ရလဲ ဆိုတာကတော့ အဖြေကရှင်းတယ်။ အသင်းကစားပုံ ဆိုးနေတဲ့အချိန်မှာ အာရုံစူးစိုက်မှု မရှိလို့ပါပဲ။ ကစားသမားတွေရဲ့ အရည်အသွေးက ပြောစရာမလိုဘူး။ အဓိကက အာရုံစူးစိုက်မှုပဲ။ ကြိုတင် ပြင်ဆင်ထားတာတွေကို အာရုံစိုက်ဖို့ပဲလိုတာ။ ဒီပွဲအတွက် ဘယ်လောက်တောင် ကြိုတင် ပြင်ဆင်ခဲ့ရသလဲ? ပဲလေ့စ်နဲ့ ပွဲတုန်းကလို စိတ်အားထက်သန်မှုမျိုး ဘယ်နှကြိမ်လောက် ရနိုင်မှာလဲ ? နည်းစနစ်ပိုင်းနဲ့ ကစားသမားတွေရဲ့အရည်အချင်းကြောင့် ဒီလိုဖြစ်တာ မဟုတ်ဘူး။ ပြိုင်ဘက်နဲ့တန်းတူ စိတ်အားထက်သန်မှုမျိုး ၊ တက်ကြွမှုမျိုး လိုအပ်တာ။ ပထမ လိုအပ်ချက်က  အလုပ်ကြိုးစားဖို့ပဲ။ ဒါက တစ်ဦးတစ်ယောက်ရဲ့ တာဝန်ချည်းပဲ မဟုတ်ဘူး။ အားလုံးရဲ့တာဝန်။ ဒီနေ့လိုပုံစံနဲ့ ဘယ်လိုမှ ကစားလို့မရဘူး။ စနေနေ့ကတုန်းက ပုံစံနဲ့တခြားစီပဲ။ တော်တော်လေး စိတ်ပျက်မိတယ် “ လို့ ဝေဖန်သုံးသပ်သွားခဲ့ပါတယ်။

#စပါး #အိုလံပီယားကို့စ် #ပိုချက်တီနို