ရှေ့သို့
Image

ရော်နယ်ဒိုကို နောက်ကလိုက်ပြီး Challenge လုပ်ခဲ့တဲ့ ရစ်ဘာရီ

11:16 AM, 17 September

ဖီအိုရင်တီးနားတောင်ပံကစားသမား ဖရန့်ရစ်ဘာရီဟာ စနေနေ့က ဂျူဗင်တပ်စ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ငယ်မူငယ်သွေးပြသနိုင်ခဲ့ပြီး ပြိုင်ဘက်ကစားသမား ရော်နယ်ဒိုကို နောက်ကနေ လိုက် တိကျသေသပ်တဲ့ Challenge လုပ်ကာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ၅ကြိမ်ရရှိထားသူကို မြက်ခင်းပေါ် လဲကျစေခဲ့ပါတယ်။

အသက် ၃၆နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်ဟောင်း ရစ်ဘာရီဟာ ပြီးခဲ့တဲ့နွေရာသီက ဘိုင်ယန်မြူးနစ်နဲ့ လမ်းခွဲခဲ့ပြီးနောက် ဖိအိုရင်တီးနားအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာသူဖြစ်ပါတယ်။

ရစ်ဘာရီဟာ ဂျူဗင်တပ်စ်နဲ့ဂိုးမရှိသရေကျခဲ့ပွဲမှာ ဦးစားပေးကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး အသက်အရွယ်က သူ့အတွက်တော့ ကိန်းဂဏန်းသာသာပဲရှိတယ်ဆိုတာ ရော်နယ်ဒိုကို ထိန်းချုပ်ရင်း သက်သေပြသခဲ့ပါတယ်။

အသက် ၃၄နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ရစ်ဘာရီရဲ့ မသေသပ်တဲ့ ခေါင်းတိုက်မှုကနေ ဘောလုံးရသွားပြီး ဖီအိုရင်တီးနား ဂိုးပေါက်ဆီ ဘောလုံးဆွဲပြေးကာ ဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ ရစ်ဘာရီက ကိုယ့်အမှားကိုယ်ပြန်ချေဖျက်ဖို့ ကြိုးစားခဲ့ပြီး ရော်နယ်ဒိုက ဒဲလ်ဘတ်ရဲ့ဖျက်ထုတ်မှုကြောင့် ပြေးအား အနည်းငယ်ကျသွားပါတယ်။

အဲဒီအချိန်မှာ ရစ်ဘာရီက အနောက်ကနေ ဘောလုံးကို အရင်ဦးအောင် ဖျက်ထုတ်နိုင်ခဲ့ပြီး ရော်နယ်ဒိုလည်း အရှိန်လွန်ကာ မြက်ခင်းပေါ်လဲကျသွားပါတယ်။

အဲဒီပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ရစ်ဘာရီကို ပရိသတ်တွေကလည်း လူမှုမီဒီယာ မှာ ချီးကျူးခဲ့ပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ ကာလတွေ ပြန်ရောက်လာပြီလို့ ရေးသားခဲ့ပါတယ်။

#စီးရီးအေ #ရစ္ဘာရီ