ရှေ့သို့
Image

မနှစ်က ၇မှတ်အကွာကနေ ချန်ပီယံဖြစ်ခဲ့တာကို မေ့မပစ်ဖို့ ဒီဘရိုင်း သတိပေး

11:06 PM, 16 September

စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းက ပြီးခဲ့တဲ့ရာသီအတွင်း အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၇မှတ်ကွာဟနေရာကနေ ချန်ပီယံဆုကာကွယ်နိုင်ခဲ့တဲ့ဖြစ်ရပ်ကို မေ့မပစ်ဖို့ ယခုရာသီအသင်းရဲ့အခြေအနေနဲ့ပတ်သက်လို့ ဝေဖန်နေသူတွေကို သတိပေးလိုက်ပါတယ်။ စီးတီးဟာ ပွဲစဉ် ၅အပြီးမှာပဲ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၅မှတ်အထိကွာဟသွားခဲ့ပြီး အိမ်ကွင်းမှာ စပါးနဲ့ ၂-၂ဂိုးသရေ၊ အဝေးကွင်းမှာ တန်းတက်နောဝစ်ခ်ျကို ၃-၂ ဂိုးနဲ့အရေးနိမ့်နေချိန်မှာ လီဗာပူးကတော့ ရာနှုန်းပြည့်အနိုင်ရရှိနေပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင် ဒီဘရိုင်းက ချန်ပီယံဆုအတွက် အခုချိန်မှာ သုံးသပ်ပြောဆိုနေတာတွေက အရမ်းစောလွန်းသေးကြောင်းနဲ့ အရင်တုန်းကလည်း ချန်ပီယံဆုအတွက် နောက်ဆုံးအချိန်ထိတိုက်ပွဲဝင်ခဲ့တာကို မမေ့ဖို့ ပြောပါတယ်။ ''ပြီးခဲ့တဲ့ရာသီကလည်း ကျွန်တော်တို့အသင်း လီဗာပူးရဲ့နောက် ၇မှတ်တောင် ပြတ်ကျန်ခဲ့သေးတာပဲ။ နောက်တော့ ဘာတွေဆက်ဖြစ်သွားလဲဆိုတာ ခင်ဗျားတို့လည်း သိမှာပါ။ ပွဲတိုင်းတော့အနိုင်ရချင်တာပေါ့ဗျာ။ ဒါပေမဲ့ အဲဒီလိုဖြစ်ဖို့ကလည်း ခက်တယ်လေ။ ပြိုင်ဘက်အသင်းတွေကိုလည်း လေးစားရမယ်''

''နောက်လာမယ့် ၇လက မနှစ်ကလိုပဲ ခက်ခဲကြမ်းတမ်းလာနိုင်ပါတယ်။ ကျွန်တော်တို့အသင်းဟာ ပြီးခဲ့တဲ့ရာသီက ၃၈ပွဲမှာ ၄ပွဲရှုံးနိမ့်ခဲ့ပြီး ဒါက မှတ်တမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ရာသီအကုန်မှာလည်း မနှစ်ကလိုဖြစ်ဖို့ ဆန္ဒရှိပါတယ်''လို့ ဒီဘရိုင်းက ပြောပါတယ်။

ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာတွေကြောင့် ပုံမှန်ပွဲထွက်ခွင့်ဆုံးရှုံးခဲ့ရာကနေ ဒီရာသီမှာ အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေပေမယ့် နောဝစ်ခ်ျနဲ့ပွဲမှာတော့ အရန်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ဒီဘရိုင်းကတော့ ပွဲထွက်စာရင်းကနေ ချန်လှပ်ခံရတာကို ဘယ်လိုမှသဘောမထားကြောင်းနဲ့ ပွဲတွေအများကြီးကစားရမယ့်အနေအထားမှာ ပွဲတိုင်းပါဝင်ကစားချင်နေလို့မရကြောင်း ဆိုပါတယ်။

#လီဗာပူး #မနျစီးတီး #နောဝစ်ခ်ျ