ရှေ့သို့
Image

သိပ်မကြာခင် ချန်ပီယံလိဂ်မှာ ဟတ်ဆန်အိုဒွိုင်းကို မြင်တွေ့ရတော့မယ်လို့ပြောခဲ့တဲ့ လမ်းပတ်

2:50 PM, 16 September

ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်က မကြာခင် လူငယ်ကစားသမား အိုဒွိုင်းကို ချန်ပီယံလိဂ်မှာ ပွဲထွက် ကစားစေတော့မှာ ဖြစ်တဲ့အကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

ဖနောင့်ကြော ဒဏ်ရာကနေ ပြန်လာတော့မယ့် အသက် ၁၈ နှစ်အရွယ် လူငယ်ကစားသမားလေးကို သူ့ရဲ့ပထမအသင်းမှာ ပွဲထွက်စေဖို့အတွက် စောင့်ကြည့်နေတာပဲ ဖြစ်ပါတယ်။

လမ်းပတ်ရဲ့ချဲလ်ဆီးအသင်းဟာ စနေနေ့ညနေက ၀ုဗ်အသင်းကို ၅-၂ နဲ့ အနိုင်ရရှိတဲ့ပွဲမှာ အဆိုပါ တောင်ပံ ကစားသမားလေး မပါဝင်ခဲ့ပေမယ့် အသက် ၂၃ နှစ်အောက်အသင်းရဲ့ ဘရိုက်တန်နဲ့ပွဲစဉ်မှာတော့ မိနစ် ၆၀ ကစားသွားခဲ့တာကြောင့် သိပ်မကြာခင် အသင်းကြီးမှာ ပြန်လည်ကစားနိုင်တော့မှာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ငယ်မွေးခြံပေါက် ကစားသမားလေးကို ဘိုင်ယန်မြူးနစ်က ခေါ်ယူဖို့ စိတ်ဝင်စား နေတာ ကြောင့် ချဲလ်ဆီးအသင်းဘက်က တစ်ပတ်ကို ပေါင် ၁၈၀၀၀၀ ထိတိုးပေးပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင် နေပါပြီ။

အိုဒွိုင်းနဲ့ ပက်သက်ပြီး နည်းပြလမ်းပတ်က “ ကျွန်တော်သူ့ကို စောင့်ကြည့်နေပါတယ်။ ဒီမနက်ပဲ သူနဲ့ စကား ပြောခဲ့တယ် သိပ်မကြာခင် ပြန်ကစားနိုင်တော့မှာပါ။ သူရခဲ့တဲ့ ဒဏ်ရာက ပြင်းထန်တာကြောင့် ကျွန်တော်တို့ ဂရုစိုက်ဖို့တော့လိုတယ်။ သူအချိန်မီ ပြန်လာနိုင်ပေမဲ့ ကြံ့ခိုင်မှုအပြည့်နဲ့ ကွင်းထဲမှာ ကစားနိုင်ဖို့ကလည်း အရေးကြီးတယ်။ ကျွန်တော်တို့ သူ့ကို မြန်မြန်ဆန်ဆန် ပွဲထွက်ခွင့် ပေးလိုက်ရင် နောက်ထပ်ဒဏ်ရာတွေ ရသွားမှာ စိုးရိမ်ရတယ်။

သောကြာနေ့က သူကစားသွားတာကိုကြည့်ရင် သိပ်မကြာခင် သူ ပြန်လာနိုင်တော့မှာပါ။ အသင်းကြီးနဲ့ လေ့ကျင့်နေတာ အခုဆိုနှစ်ပတ် သုံးပတ်လောက်ရှိပြီ။ လာမယ့်အပတ်ထဲမှာ  ကာရာဘောင်ဖလားပွဲလည်း ကစားရဦးမှာဆိုတော့ ဒဏ်ရာရနေတဲ့ ကစားသမားတွေထဲက ပြန်ကောင်းလာမယ့် ကစားသမားတွေကို ရွေးချယ်ဖို့ အခွင့်အရေး ရှိပါတယ်။

ကယ်လန်ပဲဖြစ်ဖြစ် ဘယ်ကစားသမားပဲဖြစ်ဖြစ် လေ့ကျင့်ရေးမှာ အကောင်းဆုံး စွမ်းဆောင်ပြနိုင်ရင် အခွင့်အရေးပေးသွားမှာ ဖြစ်ပါတယ်။ အခုချိန်မှာ ၀မ်းသာစရာတစ်ခုက အရန်ခုံကိုကြည့်လိုက်ရင် ရွေးချယ်စရာတွေ ရှိနေတာပဲ။ အထူးသဖြင့် တိုက်စစ်ပိုင်းမှာပေါ့။

အရန်အင်အား တောင့်တင်းတယ်ဆိုပေမယ့်လည်း အဓိက ဒဏ်ရာပြဿနာတွေက ရှိနေတုန်းပါပဲ။ စဉ်းစားကြည့်ရင် ကျွန်တော်တို့မှာ ကန်တီ ၊ မနေ့ညက ပွဲကစားခဲ့တဲ့ ကယ်လန်နဲ့ ရီဆီဂျိမ်းစ်တို့ ပြန်လာနိုင်တော့မယ် ရူဘန်နဲ့ တခြား ကစားသမားတွေလည်း ပြန်လာဖို့ ပြင်ဆင်နေပြီ။

အသင်းရဲ့အင်အားကြောင့် ကျွန်တော့်မှာ အခွင့်အရေးတွေ ပိုများလာပြီ ဆိုပေမယ့် လက်ရှိ အနေအထား ကိုလည်း ဆက်ထိန်းသွားချင်တယ်။ ဒီနေ့လို ကစားပုံမျိုးနဲ့ ကစားပြီးသွားရင် ရှေ့ဆက် သွားရမှာတွေ ရှိသေးတယ်။ ဒီလိုကစားဟန် ဒီလိုရလဒ်မျိုး အမြဲရဖို့လိုတယ်။ အခုချိန်မှာ ကျွန်တော်လုပ်ရမှာက အဲ့ဒါပဲ “ လို့ ပြောခဲ့ပါတယ်။

လမ်းပတ်ကတော့ ကန်တီနဲ့ အီမာဆန်တို့ ဒဏ်ရာပြဿနာ ရှိနေတာကို သိပ်စိတ်ပူစရာ မရှိဘူးပဲ။ သူတို့ နေရာအတွက် စကော့တလန်ယူ ၂၁ ကွင်းလယ်လူ ဘီလီဂီလ်မောကို အခွင့်အရေး ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

လမ်းပတ်ရဲ့လက်ရှိ ချဲလ်ဆီးအသင်းမှာ နေရာရနေကြတဲ့ တမ်မီ အေဘရာဟမ် ၊ မာဆင် ဂရင်းဝုဒ် နဲ့ ဖီကာရို တိုမိုရီတို့ဟာ ၀ုဒ်နဲ့ပွဲမှာလည်း ကိုယ်စီ ဂိုးသွင်းယူနိုင်ခဲ့ကြပြီး ဥရောပ ပွဲစဉ်တွေမှာပါ အသုံးပြုဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ သတ်မှတ်လို့ရပါတယ်။

အင်္ဂါနေ့မှာ ကစားရမယ့် ဗလင်စီယာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲအတွက် လမ်းပတ်က “ ကျွန်တော်က အသက်အရွယ်တွေကို သိပ်ထည့်မတွက်ဘူး။ သူတို့ရဲ့အရည်အချင်းရဲ့ယုံကြည်မှုရှိမှု၊ အသင်းမှာ သူတို့ရဲ့ ပင်ကိုယ် အရည်အသွေးတွေကို ပြသခဲ့ကြပြီးပါပြီ။ သူတို့ကို အလွယ်တကူ ရွေးချယ်နိုင်ပါတယ်။

လက်ရှိသူတို့ရဲ့ ယုံကြည်မှုနဲ့ အရှိန်က အရမ်းကောင်းတယ်။ အသင်းလိုက် ကစားပုံကလည်း အရမ်း ကောင်းနေပြီ။ ကျွန်တော်တို့ ပေးဂိုးတွေ မပေးရဖို့လိုတယ်။ ချန်ပီယံလိဂ်ဆိုတာက လက်ရှိကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး ကလပ်အသင်းတွေ အားပြိုင်တဲ့ ပြိုင်ပွဲတစ်ခုပါ။ မန်ဆန်၊တမ်မီ၊တိုမိုရီတို့ ဒီပွဲအတွက်ရင်ခုန်နေကြမယ်လို့ထင်ပါတယ်။ ဒီကစားသမားလေးတွေ အားလုံးက ကျွန်တော်မန်နေဂျာအနေနဲ့စတင်ပွဲဦးထွက်ကတည်းက စောင့်ကြည့်နေရတဲ့ ကစားသမားလေးတွေပါ “ လို့ဖွင့်ဟသွားခဲ့ပါတယ်။ 

ဝုဒ်နဲ့ပွဲချိန် ၇၇ မိနစ်မှာ အေဘရာဟမ်ကို ကြွက်တက်ဒဏ်ရာကြောင့် လူစားလဲခဲ့ရပေမဲ့ ဗလင်စီယာနဲ့ပွဲမှာ ကြံ့ခိုင်မှုအပြည့်နဲ့ပါဝင်လာလိမ့်မယ်လို့ လမ်းပတ်ကအတည်ပြုသွားခဲ့ပါတယ်။

#အေဘရာဟမ်