ဗန်ဒိုက်ကို ဟူးလ်စီးတီး အသင်းထံခေါ်ယူဖို့ကြိုးပမ်းခဲ့တယ်လို့ စတိ ဘရုစ်ဖွင့်ဟ
9:10 AM, 14 September
နယူးကာဆယ်အသင်းမန်နေဂျာ စတိဘရုစ်ကတော့ သူဟာ ဟူးလ်စီးတီးအသင်းကို နည်းပြလုပ်စဉ်က နယ်သာလန်သားကို ခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမယ့် ပြောင်းရွှေ့ကြေးမတတ်နိုင်တာကြောင့် လက်လွှတ်ခဲ့ရတယ်လို့ ပြောကြားလိုက်ပါတယ်။
ဘရုစ်ကတော့ ဗန်ဒိုက်တစ်ယောက် ဆဲလ်တစ်အသင်းမှာ ရှိနေစဉ်ကတည်းက ခေါ်ယူဖို့ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
“ဗန်ဒိုက်က တကယ်ကောင်းတဲ့ကစားသမားပါ။ လီဗာပူးမှာတော့ ပိုကောင်းတဲ့ကစားသမားတစ်ဦးဖြစ်လာပါတယ်။
ကျွန်တော် ဟူးလ်စီးတီးကိုင်တွယ်စဉ်တုန်းက သူ (ဗန်ဒိုက်) က ဆဲလ်တစ်မှာပဲရှိနေပါသေးတယ်။ ခေါ်ဖို့ကြိုးပမ်းခဲ့ပေမယ့် ပြောင်းရွှေ့ကြေးမတတ်နိုင်ခဲ့တာကြောင့် လက်လွှတ်ခဲ့ရပါတယ်”လို့ ဘရုစ်ကပြောပါတယ်။
အဲ့နောက်မှာတော့ သူဟာ ဆဲလ်တစ်ကနေ ဆောက်သမ်တန်ကိုပြောင်းရွှေ့ခဲ့ပြီး နောက်ဆုံးမှာ လီဗာပူးကိုပြောင်းရွှေ့ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်ဦးဖြစ်လာခဲ့ပါတယ်။