ရှေ့သို့
Image

သူသာ ယူနိုက်တက်က မထွက်ခဲ့ရင် ဒီဂီယာ ရောက်လာမှာ မဟုတ်ဘူးလို့ပြောခဲ့တဲ့ ဗန်ဒါဆား

3:41 PM, 13 September

သူသာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကျန်နေသေးရင် ဒီဂီယာက ယူနိုက်တက်အတွက် မရှိမဖြစ် ဖြစ်လာမှာ မဟုတ်ဘူးလို့ ယူနိုက်တက် ဂိုးသမားဟောင်း ဗန်ဒါဆားက ပြောခဲ့ပါတယ်။

စပိန်လက်ရွေးစင် ဂိုးသမားရဲ့အိုးထရက်ဖို့ဒ်စာချုပ်က နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီဖြစ်ပြီး တစ်ပတ်ကိုပေါင် ၂၉၀၀၀၀ နဲ့စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေပြီးပဲ ဖြစ်ပါတယ်။

အိုးထရက်ဖို့ဒ်မှာ ၆ နှစ်ကြာ ကစားခဲ့တဲ့ ဗန်ဒါဆားဟာ ဒီဂီယာရဲ့အမာခံ ပရိတ်သတ်ဖြစ်ပေမယ့် ဒီဂီယာအသင်းက ထွက်သွားရင်လည်း ရှက်ဖီးယူနိုက်တက်မှာ အငှား သွားကစားနေတဲ့ အကယ်ဒမီထွက် ဂိုးသမားလေး ဒင်းဟန်ဒါဆန် အပါအ၀င် ရွေးချယ်စရာတွေ အများကြီး ရှိနေတယ်လို့ ပြောခဲ့ပါတယ်။

ဗန်ဒါဆားက “ တခြား ဂိုးသမားတွေကလည်း ဒီကွက်လပ်ကို ကောင်းကောင်း ဖြည့်နိုင်ပါတယ်။ လက်စွမ်း တိုးတက်လာနိုင်တဲ့ ဂိုးသမားတွေ ပရီးမီးယားလိဂ်မှာ ရှိနေတယ်။ ကျွန်တော်ယူနိုက်တက်ကို စရောက်တော့ အသက် ၃၄ နှစ်ရှိပါပြီ အဲ့ဒီမှာ အခွင့်အရေးတွေ အများကြီး ရခဲ့ပါတယ်။

ဆုံးဖြတ်ချက် သေချာချဖို့တော့ လိုတာပေါ့။ အခုဆို အချိန်အတော်ကြာသွားပြီ။ ပြောင်းမှာလား မပြောင်းဘူးလားဆိုတာပေါ်မှာပဲ မူတည်တယ်။ ဒါပေမယ့် ကျွန်တော်ကလည်း ယူနိုက်တက်ရဲ့ ဒါရိုက်တာ မဟုတ်ဘူးလေ “ လို့ ပြောခဲ့ပါတယ်။

ဒီဂီယာရဲ့လက်ရှိလက်စွမ်းက အကောင်းဆုံးမှာ မဟုတ်ခဲ့ပဲ ပြီးခဲ့တဲ့ရာသီ ကုန်ဆုံးခါနီး အချိန်ကဆို ယူနိုက်တက် နံပါတ်တစ် ဂိုးသမားဟာ အမှားတွေ များခဲ့ပြီးတော့ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ ၂-၁ နဲ့ ရှုံးတဲ့ပွဲမှာလည်း ပြစ်တင် ဝေဖန်ခံခဲ့ရပါတယ်။

ဒါပေမဲ့ ဗန်ဒါဆားက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေတောင် အခက်အခဲတွေနဲ့ ရင်ဆိုင်ရလေ့ရှိပြီး ဒီဂီယာလည်း အကောင်းဆုံးပုံစံကို ပြန်ရရှိလိမ့်မယ်လို့ ယူဆကြောင်း ပြောသွားခဲ့ပါတယ်။

“ ဒီလိုမျိုးက ကျွန်တော်လည်း ဖြစ်ဖူးတယ်၊ (ရိုင်ယန်)ဂစ်လည်း ဖြစ်ဖူးတယ်၊ အားလုံး ဖြစ်ဖူးတယ်။ သူ့ပုံစံက ကွဲပြားတယ်လေ၊ အချိန်အကြာကြီး အကောင်းဆုံး လက်စွမ်းပြနေပြီးမှ လက်စွမ်းကျသွားတဲ့အခါ သတိထားမိသွားတာမျိုးပါ။ ပထမနှစ်ကြိမ် မှားတာလောက်ကို လူတွေက ခွင့်လွှတ်ပေးရင် ပေးလိမ့်မယ် သုံးခါမြောက်ဆိုရင်တော့ လူတွေက ဒီအကြောင်းတွေ ရေးလာကြလိမ့်မယ်။ ဒါပေမဲ့ သူက အရမ်းတော်တဲ့ ဂိုးသမားတစ်ယောက်ပဲ အဆင်ပြေသွားမှာပါ “ လို့ပြောခဲ့ပါတယ်။

ဗန်ဒါဆားဟာ ၂၀၁၁ ခုနှစ်မှာ ယူနိုက်တက်က ထွက်ခွာခဲ့ပြီး အားကစားဆိုင်ရာ မာစတာဘွဲ့နဲ့ အမှတ်တံဆိပ် စီမံခန့်ခွဲမှုဆိုင်ရာဘွဲ့တွေ ရရှိခဲ့ပြီး အခုလက်ရှိမှာ အေဂျက်အသင်းရဲ့ အမှုဆောင် အရာရှိချုပ် တာဝန်ကို ယူထားပါတယ်။

၄၈ နှစ်အရွယ် ဂိုးသမားဟောင်းကြီးဟာ ယူနိုက်တက်အသင်းက မန်နေဂျာဆိုးလ်ရှားနဲ့ တွဲဖက်လုပ်ကိုင်ဖို့ အားကစားဒါရိုက်တာတစ်ဦး ရှာဖွေနေတာကြောင့် မန်ချက်စတာမြို့ကို ပြန်ရောက်နိုင်ခြေ ရှိနေတာပဲ ဖြစ်ပါတယ်။

ဗန်ဒါဆားကတော့ အခုချိန်မှာ နယ်သာလန်ကနေ ထွက်ဖို့ မဖြစ်နိုင်သေးပေမယ့် အနာဂတ်မှာတော့ ယူနိုက်တက်ရဲ့ အားကစားဒါရိုက်တာ ရာထူးကို လိုချင်မိကြောင်း ၀န်ခံခဲ့ပါတယ်။

“ မသိနိုင်ဘူးလေ အခုတော့ အေဂျက်မှာပဲ ကျွန်တော့်ရဲ့အချိန်တွေကို မြှုပ်နှံထားတယ်။ အနာဂတ်မှာတော့ ဘာမဆို ဖြစ်လာနိုင်ပါတယ်၊ စောင့်ကြည့်ကြတာပေါ့ “ ဆိုပြီး သူ့ရဲ့ အင်္ဂလန်ကို ပြန်ရောက်နိုင်ခြေ ရှိမရှိကို ပြောပြသွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီဂီယာ #ဗန္ဒါဆား