ရှေ့သို့
Image

တိုက်စစ်မှူး ရော်နယ်ဒိုကို ချီးကျူးလိုက်တဲ့ ဂျူဗင်တပ်စ်နည်းပြဟောင်း

2:14 PM, 13 September

ဂျူဗင်တပ်စ်အသင်း နည်းပြဟောင်း အယ်လီဂရီကတော့ တိုက်စစ်ကစားသမား ရော်နယ်ဒိုရဲ့စိတ်ဓာတ်ပိုင်းကို ချီးကျူးခဲ့ပြီး အင်တာအသင်းဟာ စီးရီးအေချန်ပီယံဆုကို ရယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ပေါ်တူဂီသားဟာ ကစားသမားဘ၀ရဲ့နေ၀င်ချိန်ကို ရောက်ရှိနေပေမယ့် ရီးရဲလ်မက်ဒရစ်ကနေ  ဂျူဗင်တပ်စ် အသင်းကို ပြောင်းရွှေ့ပြီး နောက်ပိုင်းမှာလည်း ခြေစွမ်းက ကျဆင်းသွားခဲ့ခြင်း မရှိတာဖြစ်ပါတယ်။

နည်းပြဟောင်း အယ်လီဂရီနီကတော့ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ပြီးခဲ့တဲ့ရာသီက ပြိင်ပွဲစုံ ၂၈ ပွဲမှာ ၂၁ ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ၈ ကြိမ်မြောက် စီးရီးအေ ချန်ပီယံဆု ရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့တဲ့အပေါ် ချီးကျူး ပြောကြားလိုက်ပါတယ်။

ထို့အပြင် ပေါ်တူဂီသားဟာ လစ်သူယေးနီးယား အသင်းကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ  ၄ ဂိုး သွင်းယူ နိုင်ခဲ့တာကြောင့် ယူရိုပြိုင်ပွဲ သမိုင်းတစ်လျောက် သွင်းဂိုးအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

“သူ့ရဲ့ကြံ့ခိုင်မှုအပိုင်းက အားရစရာ အတော်လေး ကောင်းပါတယ်။ နည်းစနစ်ပိုင်းအရလည်း သူ့ရဲ့ အကောင်းဆုံး ပုံစံကို ဆက်ထိန်းထားနိုင်ပါတယ်။ ငယ်ရွယ်တုန်းက ရော်နယ်ဒိုနဲ့ လက်ရှိ ရော်နယ်ဒိုက သိပ်တောင် မခြားနားပါဘူး”လို့ အယ်လီဂရီက ပြောပါတယ်။

နည်းပြ အယ်လီဂရီဟာ ပြီးခဲ့တဲ့ ရာသီတုန်းက တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ တွဲဖက်ပြီး စီးရီးအေ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အဲ့နောက်မှာတော့ သူဟာ  ၂၀၁၅ ကနေ ၂၀၁၇ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီးနောက်  ဂျူဗင်တပ်စ် အသင်းကနေ စွန့်ခွာခဲ့ပြီး နည်းပြသစ် ဆာရီက အသင်းထံ အစားထိုး ၀င်ရောက်လာခဲ့ပါတယ်။

နည်းပြဟောင်း အယ်လီဂရီကတော့ လက်ရှိအချိန်မှာ ဂျူဗင်တပ်စ်အသင်းကို စိန်ခေါ်နိုင်မယ့် အသင်းဟာ အင်တာအသင်း ဖြစ်လာမယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

“လက်ရှိ အင်တာအသင်းက ဂျူဗင်တပ်စ်ကို စိန်ခေါ်နိုင်မယ့် အသင်း ဖြစ်လာပါတယ်။ နည်းပြသစ် ကွန်တီ နဲ့ ကစားသမားသစ်တွေကလည်း အမြန်ဆုံး အထိုင်ကျလာပါတယ်။ သူတို့ ဂျူဗင်ကို ကျော်ဖြတ်ပြီး စီးရီးအေဆု ကိုတောင် ရရှိသွားနိုင်ပါတယ်”လို့ အယ်လီဂရီက ပြောကြားခဲ့ပါတယ်။

#စီးရီးအေ #အယ္လီဂရီ