ရှေ့သို့
Image

ဂွမ်ဒိုဇီ (သို့မဟုတ်) အာဆင်နယ်ကို အလင်းရောင်ပေးဖို့ ရောက်လာခဲ့သူ ပြင်သစ်လူငယ် တစ်ဦး

2:11 PM, 12 September

ကျွန်တော့်ကိုယ် ကျွန်တော် အသက် ၁၉ နှစ်လို့ ပြောတဲ့အခါ လူတွေက အံ့သြကြတယ်။ 

“မက်တီယိုရေ မင်းက လူကြီးတစ်ယောက်လိုပါလား”

“ဂွမ်ဒိုဇီ မင်းက ဒီအသက်အရွယ်နဲ့ ရင့်ကျက်နေပြီပဲ”

“ငါမင်းကို ၂၅ နှစ်လောက်ရှိပြီ ထင်ခဲ့တာ”

ဒီလိုပြောစကားတွေ ကြားရတိုင်း ကျွန်တော် ခပ်ကြွကြွ ရယ်မောမိခဲ့တယ်။ လူတွေက ကျွန်တော့်ကို ကလေးတစ်ယောက်လို သဘောမျိုး ဆက်ဆံကြတယ်။ သူတို့က ကျွန်တော့်ကို ” ဟေ့ မင်း ၁၉၉၈ ကမ္ဘာ့ဖလားတုန်းက မွေးတောင် မမွေးသေးဘူး”လို့ ပြောကြပြီး  ဘောလုံးအကြောင်း  ဘာမှမသိသေးပါဘူး လို့ ခပ်ထေ့ထေ့ ကဲ့ရဲ့ကြတယ်။

ဟုတ်ပါတယ် ၊ ကျွန်တော် အဲ့ဒီပြိုင်ပွဲရဲ့ ဗီဒီယိုတွေကို ကြည့်လာပြီး ဇီဒန်းကို စံပြ ပုဂ္ဂိုလ်အဖြစ်နဲ့ မှတ်ယူခဲ့တာပါ။ ဒါပေမယ့် ကျွန်တော့်ကို လှောင်ပြောင်ခဲ့ကြသူတွေကတော့ မှန်ခဲ့ပါတယ်။ ကျွန်တော် ပြင်သစ်ရဲ့ ပထမဆုံး ကမ္ဘာ့ဖလား ဆွတ်ခူးခဲ့တာကို မမြင်ခဲ့ရဘူး။ ဒါကြောင့် တစ်နေ့မှာ ကျွန်တော် ပြင်သစ် အသင်း ကမ္ဘာ့ဖလားရအောင် ကူညီပေးမယ်လို့ ဆုံးဖြတ်ထားတယ်။ ကြီးမားတဲ့ ဆုံးဖြတ်ချက်ပဲမလား?? ဒါပေမဲ့ ဒါကပဲ ကျွန်တော့်ကို အရာရာအတွက် တွန်းအားပေးခဲ့တာပါ။

မိသားစုမှာတော့ စတားတစ်ယောက် ပေါ်ထွန်းလာတာပါပဲ။ မိဘတွေက ကျွန်တော့်ကို လူတိုင်းအပေါ် လေးစားမှုရှိဖို့၊ သနားညှာတာဖို့၊ လူတွေဆီကနေ သင်ယူဖို့နဲ့ ရည်မှန်းချက် ကြီးမားဖို့ သင်ကြားပြသခဲ့ပါတယ်။

 အိမ်အနောက်ဘက်က ဥယျာဉ်ခြံလေးမှာ အကိုတွေနဲ့ ဘောလုံးကစားတဲ့အခါ ဇီဒန်းလို့ ကိုယ့်ကိုယ်ကို သတ်မှတ်ပြီး ကစားခဲ့ပါတယ်။ ပီအက်စ်ဂျီ အကယ်ဒမီမှာ ကစားနေစဉ်ကတော့ ကျွန်တော့်ရဲ့ ငယ်ဘ၀ ဟီးရိုးဖြစ်ခဲ့တဲ့ မီဂွယ်ပေါ်လက်တာလိုမျိုး တိုက်စစ်မှူးတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။

အသက် ၁၅ နှစ်အရွယ် ပီအက်စ်ဂျီကနေ ထွက်ခွာခဲ့ချိန်မှာလည်း ကျွန်တော့်မှာ အစီအစဉ်တွေ ရှိနေခဲ့တဲ့ အတွက် စိတ်ပူခြင်း မရှိခဲ့ပါဘူး၊ ကျွန်တော့်ရဲ့ လူငယ်ကစားသမားဘ၀ နည်းပြတစ်ယောက်ကတော့

“မင်းမှာ လိုအပ်တဲ့ အရည်အချင်းတွေ အားလုံးရှိတယ်။ ဒီအတိုင်းလေးပဲ ဆက်သွားပါ။ မင်းဘောလုံးကို ချစ်မြတ်နိုးသလိုမျိုး ကစားပါ။ အဲ့ဒီနောက် မင်း ကောင်းမွန်တဲ့ ကစားသမားဘ၀ကို ပိုင်ဆိုင်ရလိမ့်မယ်”လို့ ပြောခဲ့တယ်။ အဲ့ဒီ စကားလေး တစ်ခွန်းက ကျွန်တော့်နားထဲ စိတ်ထဲမှာ အမြဲစွဲနေတယ်။ 


ပီအက်စ်ဂျီက ထွက်ခွာခဲ့ပြီးတဲ့နောက် ပြင်သစ် ယူ-၁၇ ဖလား ဗိုလ်လုပွဲမှာ လော်ရီယန့်နဲ့အတူ ပြန်လည် ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်တော်တို့က အသင်းကောင်း တစ်သင်းဖြစ်ပေမဲ့ အားလုံးက ပီအက်စ်ဂျီနိုင်မယ်လို့ပဲ ခန့်မှန်းထားကြတယ်။ 

ခင်ဗျားတို့ သိသင့်တဲ့ ကျွန်တော့်ရဲ့အကြောင်းတစ်ခု ရှိပါသေးတယ်။ အဲ့ဒါကတော့ ကျွန်တော့်ရဲ့အသင်းကို အခြားအသင်းက နိုင်မယ်လို့လာပြောရင် စိတ်မထိန်းနိုင်တာပဲ။

အဲ့ဒီ ဗိုလ်လုပွဲမှာတော့ အသင်းအတွက် ကွင်းထဲမှာ ကျွန်တော် အကောင်းဆုံး ပေးဆပ်ခဲ့တယ်။ ပွဲပြီးခါ နီးလေးမှာ  ကျွန်တော့် ခြေသလုံး ကြွက်တက်ခဲ့ပေမယ့် အသင်းက အနိုင်ရခဲ့ပါတယ်။ အဲ့ဒီနောက် ကျွန်တော် ပီအက်စ်ဂျီကနေ ထွက်ခွာပြီး လော်ရီရန့်ကို ပြောင်းခဲ့တာ မှန်ကန်ခဲ့တယ်လို့ သိလိုက်ရတယ်။

အာဆင်နယ်ကို အခု ရောက်နေစဉ်မှာလည်း ကျွန်တော် ဒီအတိုင်းပဲ ခံစားမိတယ်။ ကျွန်တော် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ပြီး ကောင်းတာတစ်ခုခု ဖြစ်တော့မယ်ပေါ့။  အာဆင်နယ်ကို ရောက်စဉ်က ကျွန်တော် “ငါက လူသစ်ပဲ။ အသင်းမှာ အငယ်ဆုံးပဲ။ ငါ သတိထားဖို့လိုတယ်”လို့ ကျွန်တော် မတွေးခဲ့မိဘူး။

“ငါဒီကို ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ရောက်လာတာပဲ”လို့ ဒီလိုပဲ တွေးတယ်။ ကျွန်တော် အသင်းကို ကူညီဖို့ နေ့တိုင်း ကြိုးစားခဲ့တယ်။ သူတို့နဲ့ စကားပြောတယ်။ သူတို့ကို အော်ဖို့လိုအပ်ရင် အော်တယ်။ ဒါကြောင့် အားလုံးက ကျွန်တော် ၁၉ နှစ်ပဲ ရှိသေးတာကို သိကြရတဲ့အခါ အံ့အားသင့်ခဲ့ကြတာပါ။  ကျွန်တော့်မှာ ဟန်ဆောင် လိမ်ညာမှုတွေလည်း မရှိသလို ပရိသတ်တွေ အသိအမှတ်ပြုတဲ့ အဆင့်တစ်ခုရောက်အောင် ကြိုးစားသွားမှာပါ။ အာဆင်နယ်မှာ  ကျွန်တော် ဆုဖလားတွေ ရယူချင်ပြီး ကျွန်တော်ရဲ့ အလုပ် ကြိုးစားမှုတွေကို သူတို့ လေးစားကြတယ်လို့ ထင်ပါတယ် ။

ကျွန်တော် ၉၈ ကမ္ဘာ့ဖလားကို မမီလိုက်သလို ၂၀၁၀ ကမ္ဘာ့ဖလားမှာလည်း ပါဝင်ခွင့်မရခဲ့ပါဘူး။ ဒါပေမဲ့ နောက်တစ်ကြိမ် ပြင်သစ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ရောက်တဲ့အခါ အဲ့ဒီမှာ ကျွန်တော်ရှိနေမှာပါ။ သိတယ်မလား။ ကျွန်တော်က ရိုးရိုးကျင့် မြင့်မြင်ကြံသမားလေ…….

#အယ်ဒီတာအကြိုက် #ဂြမ္ဒိုဇီ