ရှေ့သို့
Image

လူမျိုးရေးခွဲခြားမှုတွေရဲ့ သားကောင်ဖြစ်ခဲ့ချိန်မှာ အမေဖြစ်သူ မျက်ရည်ကျခဲ့ရကြောင်း အေဘရာဟမ်ဖွင့်ဟ

4:01 PM, 10 September

ချဲလ်ဆီးတိုက်စစ်မှူး တင်မီ အေဘရာဟမ်က လူမှုကွန်ရက်မှာ လူမျိုးရေးခွဲခြားမှုတွေရဲ့ သားကောင်ဖြစ်ခဲ့ပြီးနောက် အမေဖြစ်သူက မျက်ရည်များစွာနဲ့ ငိုကြွေးခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

အေဘရာဟမ်ဟာ လီဗာပူးအသင်းနဲ့ စူပါဖလားပွဲစဉ်မှာ အဆုံးအဖြတ် ပင်နယ်တီကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်အပြီးမှာတော့ အေဘရာဟမ်ဟာ တွစ်တာမှာ လူမျိုးရေးခွဲခြားမှုတွေ အများအပြားနဲ့ ကြုံတွေ့ခဲ့တာဖြစ်ပြီး လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးအသင်းကတောင် ထုတ်ပြန်ချက်ထုတ်နဲ့ အရေးယူဖို့ တောင်းဆိုခဲ့ရပါတယ်။

အဆိုပါ လုပ်ရပ်တွေက သူ့ကို အများကြီး မထိခိုက်ခဲ့ပေမယ့် မိခင်ဖြစ်သူကတော့ တော်တော်လေး ခံစားခဲ့ရကြောင်း ချဲလ်ဆီးတိုက်စစ်မှူးက ထုတ်ဖော်ခဲ့ပါတယ်။

mirrorနဲ့ အင်တာဗျူးမှာ အေဘရာဟမ်က“ကျွန်တော် အမေနဲ့ စကားပြောခဲ့တဲ့ အချိန်ကို မှတ်မိနေပါသေးတယ်။ သူမ တော်တော်လေး ခံစားခဲ့ရပါတယ်။ သူမ မျက်ရည်တွေကျခဲ့ပြီး ဘာလို့သူ ဖြစ်ရတာလဲလို့ စဉ်းစားနေခဲ့ပါတယ်။ သားတစ်ယောက် အကြမ်းဖက်ခံရတာကို မြင်ရတာက သူမအတွက် မကောင်းခဲ့ပါဘူး။ ကျွန်တော်ကတော့ အားလုံးကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီးဖြစ်တဲ့ အတွက် သိပ်ပြီးတော့ မထိခိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော့်လို မပြင်ဆင်ထားတဲ့ အခြားသူတွေအတွက်တော့ ထိခိုက်နိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက် စတားတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်နဲ့ ပေါ့ဂ်ဘာ၊ ချဲလ်ဆီး နောက်ခံလူ ဇူးမား၊ ခရစ္စတယ်ပဲလေစ့် တောင်ပံကစားသမား ဇာဟာ၊ ရီးဒင်းအသင်းက မီတီတို့ဟာလည်း ယခုနှစ်ရာသီ လူမှုကွန်ရက်ပေါ်မှာ တိုက်ခိုက်မှုတွနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဆက်လက်ပြီး အေဘရာဟမ်က “အားလုံး ပင်နယ်တီလွဲကြပေမယ့် စူပါဖလားမှာ လွဲတာကတော့ စိတ်ပျက်စရာပါပဲ။ ကျွန်တော် အကြမ်းဖက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပေမယ့် လမ်းပတ်က ကျွန်တော့်ကို အမြဲအားပေးခဲ့ပါတယ်။ အသင်းဖော်တွေလည်း ကျွန်တော့်ကို အားပေးခဲ့ကြပါတယ်။ အဲ့ဒါက ကျွန်တော်လိုအပ်တာပါပဲ”လို့ ပြောခဲ့ပါတယ်။

#လီဗာပူး #အေဘရာဟမ်