ရှေ့သို့
Image

လီဗာပူးကနေထွက်ခဲ့ရခြင်းက အကြီးမားဆုံး အမှားအယွင်းဖြစ်ခဲ့တဲ့ ကစားသမား ၇ ဦး

3:22 PM, 10 September

လီဗာပူးအသင်း ကွင်းလယ်ကစားသမား အမ်မရီချန်ဟာ ပြီးခဲ့တဲ့နွေရာသီက အန်ဖီးလ်ကနေ စွန့်ခွာပြီး ဂျူဗင်တပ်ကို ပြောင်းရွေ့ ခဲ့တာဟာ အမှားအယွင်းတစ်ခု ဖြစ်နိုင်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ကစား သမားဟာ လီဗာပူးအသင်းကနေ ဂျူဗင်တပ်စ်အသင်းထံ အလွတ်ဖြင့် ပြောင်းရွေ့ ခဲ့ပြီး  အန်ဖီးလ်ထက် ပိုကောင်းတဲ့ ဆုဖလားတွေ မြင်တွေ့ရဖို့အတွက် တူရင်မြေကို ရောက်ရှိလာခဲ့တာပါ။ ချန်ဟာ နည်းပြ ဂျာဂင်ကလော့ရဲ့ကွင်းလယ်ပိုင်းမှာ အဓိက ကစားသမားအဖြစ် နေရာရခဲ့ပေမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ ငြင်းဆန်ကာ  ဂျူဗင်တပ်စ်အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။ ချန်ဟာ ဂျူဗီမှာ ကြယ်ပွင့်တစ်ဦးဖြစ်ပြီး ဆုဖလားတွေ ရယူဖို့  မျှော်လင့်ခဲ့ပေမယ့် ထင်မှတ်ထားသလို မဖြစ်ခဲ့ပါဘူး။ အသက် ၂၁ နှစ် အရွယ် ဂျာမန်သားဟာ  ပြီးခဲ့တဲ့အပတ် အစောပိုင်းကလည်း ဂျူဗင်တပ်စ်အသင်းရဲ့ ချန်ပီယံလိဂ်လူစာရင်းမှာ ချန်လှပ်ခံခဲ့ရတာကြောင့် ဒေါသ ပေါက်ကွဲခဲ့ပါတယ်။ ဒါကြောင့် အမ်မရီချန်တစ်ယောက် ယခုအချိန်မှာ လီဗာပူးနဲ့ လမ်းခွဲလာခဲ့တာဟာ အမှားအယွင်း လုပ်ခဲ့ပြီလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ ချန်တစ်ဦးတည်း အပြစ်အနာအဆာ ရှိခဲ့တာ မဟုတ်ပါဘူး။ ကော်တင်ဟို၊အိုင်ဘီ၊တောရက်စ်၊အိုဝင် အစရှိတဲ့ ကြယ်ပွင့်ကစားသမား အများစုလည်း လီဗာပူးအသင်းကနေ ထွက်ခွာပြီးနောက် အခက်အခဲတွေနဲ့  ရင်ဆိုင်ခဲ့ရပါတယ်။

အမ်မရီချန် - ဂျူဗင်တပ်စ် (ဇူလိုင်  ၂၀၁၈)

================

ဂျာမန်သားဟာ ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက အန်ဖီးလ်ကနေ စွန့်ခွာပြီး ဂျူဗင်တပ်စ်အသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ကာ အသင်းအတွက် ၂၀၁၈ - ၂၀၁၉ ရာသီမှာ အဓိကနေရာက ပါဝင်ကစားပေးခဲ့သလို စီးရီးအေ ၂၉ ပွဲ ၊ ချန်ပီယံလိဂ် ၆ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။ သို့သော်လည်း အခု ရာသီသစ်မှာတော့ ဂျူဗင်တပ်စ် အသင်းကို  ကွင်းလယ်ကစားသမားသစ် အများအပြား ရောက်လာခဲ့ပါတယ်။ အဆိုပါ ကစားသမားတွေ ထဲမှာတော့ အာရွန်ရမ်ဆေး ၊ ရာဘီအော့ စတဲ့ ကစားသမားတွေ အသင်းထံ ရောက်ရှိလာတာကြောင့်  အမ်မရီချန်ရဲ့နေရာက မူလပုံမှန်နေရာ ရနေခြင်းကနေ ပွဲထွက်ဖို့ အပြိုင်အဆိုင် ဖြစ်လာခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ကွင်းလယ်မှာ လိုအပ်ချက်ရှိနေတုန်းမို့လို ဂျာမန်သားဟာ မာဆေးဆိုက်ဒ်မှာ ဆက်ရှိခဲ့သင့်တယ်လို့  တွေးထင်ကောင်း တွေးနိုင်ပါတယ်။ ဒါ့အပြင် ယမန်နှစ်က ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့သလို ကြိုးကြာနီတွေဟာ ယခုနှစ်မှာလည်း ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်ရန် အခြေအနေကောင်းတွေ ပိုင်ဆိုင်ထားတာကြောင့် ချန်တစ်ယောက် လီဗာပူးအသင်းရဲ့ အောင်မြင်မှု သမိုင်းမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်နိုင်ဖို့  ရှိခဲ့တာပါ။


ဖီလစ်ပီ ကော်တင်ဟို  - ဘာစီလိုနာ  (ဇန်န၀ါရီ ၂၀၁၈)

===================

၂၀၁၃ ခုနှစ် အင်တာမီလန် အသင်းကနေ ပေါင် ၈ သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် ကော်တင်ဟိုဟာ လီဗာပူးအသင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲကတစ်ဦး ဖြစ်လာပါတယ်။ အဲ့နောက် လီဗာပူးအသင်းမှာ အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အန်ဖီးလ်ပရိသတ်တွေရဲ့ “Little Magician” ဆိုတဲ့ နာမည်ပြောင်နဲ့ပါ ထင်ရှားလာခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ဦးအဖြစ် ခေါ်ဝေါ်သမုတ်ခံခဲ့ရပါတယ်။ ဒါကြောင့်လည်း ဘာစီလိုနာအသင်းကတော့ ဘရာဇီးသားကို မက်လုံးပေး  ကမ်းလှမ်းခဲ့ကာ အဆိုပါ တောင်အမေရိက ကစားသမားကလည်း တိုက်စစ်မှူး ဆွာရက်ဇ်နည်းတူ  ကတ္တလန်တာကလပ်ထံ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။ အဲ့နောက် ၂၀၁၈ ခုနှစ် ဇန်န၀ါရီမှာတော့ ကော်တင်ဟိုဟာ လီဗာပူး အသင်းပေါ်မှာ ထားရှိတဲ့သစ္စာကို ဖောက်ဖျက်ခဲ့ပြီး အသင်းကနေ ထွက်ခွာခဲ့ပါတယ်။ ဒါပေမယ့်လည်း ကော်တင်ဟိုတစ်ယောက် စပိန်မြေမှာ အထိုင်ကျဖို့ ရုန်းကန်ခဲ့ရပြီး ဒီနှစ်နွေရာသီမှာတော့ ဘာစီလိုနာအသင်းက ပြန်လည်ရောင်းချဖို့ စီစဉ်ခဲ့ပေမယ့်လည်း ၀ယ်ယူမယ့် အသင်းမရှိတာကြောင့် ဘိုင်ယန်မြူးနစ် အသင်းထံ  ၁ ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ေ


ဂျာ်ဒန် အိုင်ဘီ  - ဘုန်းမောက်  (ဇူလိုင်  ၂၀၁၆)

===================

ဒီကစားသမားကလည်း လီဗာပူးပရိသတ်တွေ အတွက်တော့ အထင်ကရ ကစားသမား မဟုတ်ခဲ့ပေမယ့် အသင်းအတွက် တော်တော်လေး အကျိုးပြုမယ်လို့ ထင်ခဲ့ရတာပါ။ ၀ိုင်ကွန်ဘီအသင်းကနေ လီဗာပူးအသင်းကို ပြောင်းရွှေ့လာပြီး နောက်ပိုင်း အိုင်ဘီဟာ လူငယ်အသင်းမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ ဘာမင်ဂမ် ၊ ဒါဘီတို့မှာ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး ခြေစွမ်း ပြသနိုင်ခဲ့တာကြောင့် အသင်းကြီးထံ ၂၀၁၅ - ၁၆ ရာသီမှာ ပြန်လည် ခေါ်ယူခြင်း ခံခဲ့ရပါတယ်။ အဆိုပါ ရာသီမှာတော့ အိုင်ဘီဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၄၁ ပွဲအထိ ပါဝင်ကစားခဲ့ပြီး ပရီးမီးယားလိဂ် မှာတော့ ၂၇ ပွဲအထိ ပါဝင်ကစားခဲ့ကာ အဲဗာတန် နဲ့ မာဆေးဆိုက် ဒါဘီပွဲစဉ်မှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အိုင်ဘီဟာ ပွဲထွက်ခွင့် နည်းပါးလာမှာကို စိုးရိမ်တာကြောင့် တစ်နှစ်ကြာ ကစားပြီးနောက် အန်ဖီးလ်ကနေ စွန့်ခွာပြီး ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်အသင်းထံ ၅ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ အဲ့အချိန်တုန်းက တောင်ပံကစားသမားဟာ အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံရလိမ့်မယ်လို့ သုံးသပ် ခံခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ ဘုန်းမောက်အသင်းမှာ ပွဲထွက်ခွင့် ရရှိဖို့တောင် ရုန်းကန်နေရပါတယ်။


ဖာနန်ဒို တောရက်စ်  - ချဲလ်ဆီး  (ဇန်န၀ါရီ  ၂၀၁၁)

====================

တောရက်စ်ဟာလည်း လက်ရှိ အပြောင်းအရွှေ့တွေထဲမှာ အဆိုးဝါးဆုံး အပြောင်းအရွှေ့ တစ်ခုအဖြစ်  ပါဝင်နေပါတယ်။ လီဗာပူးအသင်းကနေ ထွက်ခွာပြီးနောက် စပိန်သားဟာ  ၂၀၁၀ -၁၁ ရာသီမှာ ချဲလ်ဆီး အသင်းထံ ပေါင် ၅၀ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမယ့်လည်း စပိန်သားဟာ ချဲလ်ဆီးအသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရပြီး ခြေစွမ်းကလည်း ဆိုးရွားခဲ့တာပါ။ တောရက်စ်ဟာ ချဲလ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း ၁၁၀ မှာ သွင်းဂိုး ၂၀ သွင်းယူနိုင်ခဲ့သလို  လီဗာပူးမှာတော့ ပွဲပေါင်း ၁၀၂ ပွဲမှာ သွင်းဂိုး ၆၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကို  နှိုင်းယှဉ်ကြည့်ရင် တောရက်စ်ရဲ့ခြေစွမ်းဟာ အကျဘက်ကို ရောက်သွားခဲ့တယ်ဆိုတာ မီးမောင်းထိုးပြနေပါတယ်။ အဲ့နောက်ပိုင်းမှာတော့ တောရက်စ်ဟာ လက်ကျန် ကစားသမားဘ၀ အချိန်တွေကို အေစီမီလန် ၊ အက်သလက်တီကိုတို့မှာ ကစားခဲ့ကာ အနားမယူခင် မှာတော့  ဂျပန်ကလပ် ဆာဂန် တိုဆုတို့မှာ နောက်ဆုံး ကစားခဲ့ပါတယ်။


မိုက်ကယ်အိုဝင်  -  ရီးရဲလ်မက်ဒရစ်  (သြဂုတ် ၂၀၀၄)

=====================

လီဗာပူးကနေ နာမည်ကြီးခဲ့တဲ့ တိုက်စစ်မှူး အိုဝင်ဟာ လူငယ်အသင်းမှာ ၅ ရာသီ အပါအ၀င် အသင်းအတွက် ၁၃ နှစ်ကြာ ကစားပေးခဲ့ပါတယ်။ တိုက်စစ်မှူး အိုဝင်ဟာ အသင်းအတွက် ပွဲပေါင်း ၂၁၆ ပွဲမှာ ၁၁၈ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ကလပ်အသင်းမှာကော နိုင်ငံအသင်းမှာပါ ဂန္တ၀င် တစ်ယောက်အနေနဲ့ အလျင်အမြန် ထင်ရှားလာခဲ့ပါတယ်။ ထို့အပြင် လီဗာပူးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု လွဲချော်ခဲ့ပြီးနောက် အင်္ဂလန်အသင်းအတွက် သွင်းဂိုး ၄၀ သွင်းယူနိုင်ခဲ့တဲ့ အိုဝင်ကတော့ လက်ရှိခြေစွမ်းထက်ပိုကောင်းအောင် ကစားနိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ အိုဝင်တစ်ယောက် ၂၀၀၄ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ် အသင်းထံ ပေါင် ၈ သန်းနဲ့ အံ့အားသင့်ဖွယ် ပြောင်းရွှေ့ခဲ့ပြီး ၁ ရာသီလုံးမှာမှ ၁၃ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ အင်္ဂလန်သားကတော့ လီဗာပူးကနေ ထွက်ခွာခဲ့ရတာဟာ အကြီးမားဆုံး အမှားဖြစ်တယ်လို့ ၀န်ခံခဲ့ပြီး ၂၀၀၅ ခုနှစ်မှာတော့ နယူးကာဆယ်ထံ ရောက်ရှိခဲ့ပါတယ်။


နစ် ဘမ်ဘီ  - လိဒ်   (သြဂုတ် ၂၀၀၂)

=======================

လီဗာပူး ပရိသတ်တွေကတော့ အဆိုပါကစားသမားကို မေ့နေကြပေမယ့် ဘမ်ဘီကတော့ အန်ဖီးလ်မှာ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တဲ့သူတစ်ဦးပါ။ လီဗာပူးအတွက် အက်ဖ်အေဖလား ၊ ယူအီးအက်ဖ်အေ ဖလားတွေအပါအ၀င် ဆုဖလား တော်တော်များများ ရယူပေးနိုင်ခဲ့ပြီး အသင်းရဲ့အောင်မြင်မှုမှာ အဓိက ကစားသမားတစ်ဦး အဖြစ် ရှိခဲ့တာပါ။ ဒါပေမဲ့လည်း ဘမ်ဘီဟာ အသင်းမှာ အကောင်းဆုံး အချိန် ရောက်နေခဲ့ပေမယ့်  ၂ နှစ်သာ  နေပြီး လိစ်ဒ်အသင်းထံ ၂၀၀၂ ခုနှစ်မှာ ပြောင်းရွှေ့သွားခဲ့ပါတယ်။သို့ပေမယ့် ကစားသမားကော ကလပ်အသင်းပါ ကံဆိုးမှုနဲ့ ကြုံတွေ့ခဲ့ရပြီး ဘမ်ဘီတစ်ယောက် ၂ နှစ် အတွင်းမှာ ၂၅ ပွဲ သာ ကစားခဲ့ရသလို လိစ်ဒ်ဟာလည်း တန်းဆင်းခဲ့ရပါတယ်။ အဲ့နောက်မှာတော့ ဘမ်ဘီဟာ နော်တင်ဟမ် ဖောရက်စ်မှာ အငှားနဲ့ ကစားခဲ့ပြီး သူ့ရဲ့ပရော်ဖက်ရှင်နယ် အားကစားသမားဘ၀ နောက်ဆုံး ၈ နှစ်ကို ငယ်ဘ၀ကလပ် ဟူးလ်စီးတီးအသင်းမှာ ကစားခဲ့ပါတယ်။


ရော်ဘီဖောင်လာ  -  လိဒ်   (နိုဝင်ဘာ  ၂၀၀၁)

=================

လီဗာပူးပရိသတ်တွေအတွက် ”  ပြိုင်ဘက် နောက်တန်းတွေအတွက် ကျိန်စာလို့ “ ခေါ်ဝေါ်ကြတဲ့ ဖောင်လာဟာ လူငယ်အသင်းမှာ ၉ နှစ် အပါအ၀င် လီဗာပူးအသင်းမှာ ၁၇ နှစ်တာ ကစားခဲ့ပါတယ်။ တိုက်စစ်မှူး ဖောင်လာဟာ လီဗာပူးအတွက် ပွဲပေါင်း ၂၃၆ ပွဲသာ ကစားခဲ့ကာ ၁၂၀ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ကလပ်အသင်းရဲ့ ဂန္တ၀င်ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ လီဗာပူးမှာ ဂန္တ၀င်ကစားသမားတစ်ဦးအဖြစ် ထင်ရှားခဲ့တဲ့ ဖောင်လာဟာ ၂၀၀၁ ခုနှစ်မှာတော့ နည်းပြ ဂျာရတ် ဟူလီယာ ၊ လက်ထောက်နည်းပြ ဖီးလ် တွမ်ပဆင်တို့နဲ့ မကျေလည်မှုတွေရှိခဲ့ပြီး  ၂၀၀၁ - ၀၂ ရာသီအတွင်း ပွဲအနည်းငယ်သာ ကစားခဲ့ရပါတယ်။ အဲ့နောက်မှာတော့ လီဗာပူးအသင်းကနေစွန့်ခွာပြီး လိဒ်ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။ လိဒ်ယူနိုက်တက်မှာ ၂ နှစ်ကြာ ကစားခဲ့ပြီးနောက်မှာတော့ ဖောင်လာဟာ မန်စီးတီးအသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ၃ နှစ် အကြာမှာတော့ လီဗာပူးအသင်းထံ အထင်ကရ တိုက်စစ်မှူးအသွင်ဖြင့် ရောက်လာခဲ့ပြီး သွင်းဂိုး ၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင်အသင်း အတွက်တော့ ၂၆ ပွဲကစားခဲ့တဲ့ တိုက်စစ်မှူး ရော်ဘီဖောင်လာဟာ ကာဒစ်ဖ် ၊ ဘလက်ဘန်း ၊ ဖူရီ  ၊ ပါ့ခ်ျ ဂလိုရီ နဲ့ မြောင်တောင်ယူနိုက်တက် အသင်းတွေထံမှာလည်း ကစားခဲ့ပါတယ်။

#လီဗာပူး #အယ်ဒီတာအကြိုက် #အမ္မရီခ်န္